ရခိုင် ပြည်နယ် အတွင်း ရက္ခိုင့် တပ်မတော် (AA) နှင့် တပ်မတော်တို့ကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပြည်သူ များ ထိခိုက် သေဆုံးမှုနှင့် ပတ်သက်၍ ရခိုင် အမျိုးသား ပါတီ (ANP) က စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း လိုက်ကြောင်း သတင်း ရရှိသည်။
အဆိုပါ ကော်မရှင်ကို မတ်လ ၂၀ ရက်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ANP ပါတီ ဒု ဥက္ကဌ ဒေါ်အေးနုစိန်၊ ပါတီအထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်၊ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ပြည်သူ့ လွှတ်တော် အမတ် ဦးဦးလှစော အပါအဝင် အဖွဲ့ဝင် ၉ ဦး ပါဝင်ကြောင်း ယင်း ကော်မရှင် အဖွဲ့ဝင် ဦးထွန်းအောင်ကျော်က ပြောသည်။
ဦးထွန်းအောင်ကျော်က“ကျနော်တို့ ကော်မရှင် ဖွဲ့စည်းလိုက်တာကတော့ ရခိုင်ပြည်နယ်ထဲမှာ အများဆုံး အနိုင်ရရှိ ထားတဲ့ ပါတီတခု ဖြစ်တာနဲ့ အညီ ဒီလို ပြည်သူတွေ ထိခိုက် နစ်နာမှုတွေ အတွက် စုံစမ်းသင့်တယ်။ ဒီနေ့ ပြည်ထောင် စုကို တာဝန်ယူ တာဝန်ခံထားတဲ့ အစိုးရကို တင်ပြသင့်တယ်။ ဒီဖြစ်စဉ်တွေကို တားဆီး သင့်တယ်။ သက်သာရာ၊ သက်သာကြောင်း ဘယ်လို ကုစားနိုင်မလဲ ဆိုတဲ့ ကိစ္စတွေကို ကျနော်တို့ လေ့လာပြီး အစိုးရထံ တင်ပြဖို့ အတွက် ဒီစုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်တာ”ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် မြောက်ဦး မြို့ပေါ် ပစ်ခတ်မှုတွင် သမိုင်းဝင် ရှေးဟောင်း အမွေအနှစ်တချို့ ပျက်စီးမှုများနှင့် ပတ်သက်၍လည်း စုံစမ်းဖော်ထုတ် သွားမည်ဟု ဆိုသည်။
ကွင်းဆင်း စုံစမ်းမှုများ ပြုလုပ်ရာတွင်လည်း ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် မြောက်ဦးမြို့နယ် သာမက နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေသော ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စသည့် မြို့နယ်များသို့ သွား ရောက်ပြီး ကော်မရှင် အနေဖြင့် ၇ ရက် အတွင်း အပြီးသတ် အစီရင်ခံစာ ပြုစုကာ ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီသို့ တင်ပြသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ဦးထွန်းအောင်ကျော်က“ကျနော်တို့ ပြည်သူ လူထုရဲ့ နစ်နာချက်တွေကို အချိန် အများကြီးဆွဲထားလို့ မကောင်းဘူး။ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပါ ဆိုပြီး ကျနော်တို့ ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီက တာဝန်ပေးတဲ့ အတွက် ၇ ရက် ကျနော်တို့ ကွင်းဆင်း စုံစမ်း ပြုစုပြီး ဆောင်ရွက်သွားပါမယ်”ဟု ဆက်လက် ပြောကြားသည်။
ကော်မရှင် အနေဖြင့် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် သေဆုံးမှုများ၊ ဒဏ်ရာ ရရှိမှုများ၊ ပစ္စည်း ဥစ္စာ ဆုံးရှုံးမှုများ၊ နေအိမ် မီး လောင်မှုများ အပါအဝင် ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက် ပျက်စီးမှုများနှင့် ပတ်သက်ပြီး စုံစမ်း လေ့လာရာတွင် ထိခိုက် နစ်နာသည့် ပြည်သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အချက်အလက်များ ခိုင်ခိုင်မာမာ ရရှိနိုင်ရန် အတွက် ဖြစ်စဉ်နှင့် ပတ်သက်သည့် ဌာနဆိုင်ရာများ ကိုပါ တွေ့ဆုံ မေးမြန်းသွားမည် ဖြစ်ကြောင်းလည်း ကော်မတီ အဖွဲ့ဝင်များ က ပြောဆိုသည်။
အဆိုပါ ကော်မရှင်၏ စုံစမ်း လေ့လာ တွေ့ရှိချက်များကို စနစ်တကျ ပြုစုပြီး ရခိုင် အမျိုးသားပါတီ ဗဟိုအလုပ်အမှု လုပ်ဆောင် ကော်မတီကတဆင့် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ လူ့ အခွင့်အရေး ကော်မရှင်နှင့် အခြား သက်ဆိုင်သည့် အဖွဲ့အစည်းများအား တင်ပြသွားမည် ဖြစ်ကြောင်း လည်း သိရသည်။