ရန်ကုန်မြို့တွင်း ရေပေးဝေလျက် ရှိသည့် စက်ရုံ ၂ ရုံ ပြုပြင်မှုများ ပြုလုပ်ရန် မတ်လ ၂၂ ရက်တွင် ၂၁ မြို့နယ် ယာယီ ရေ ပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) မှ သိရသည်။
ရေကူး ရေတွန်း စက်ရုံတွင် ရေတွန်းစက်နှင့် လျှပ်စစ်ပိုင်း ဆိုင်ရာ စစ်ဆေး ပြုပြင်ရေး လုပ်ငန်းများနှင့် ငမိုးရိပ် ရေသန့် စက် ရုံ (ညောင်နှစ်ပင်)၏ ပထမ အဆင့် ရေပိုက်လိုင်းများ အစားထိုး လဲလှယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် ရေပေးဝေ ခြင်း လုပ်ငန်းကို ခေတ္တ ရပ်ဆိုင်းရမည် ဖြစ်ကြောင်း အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) က ထုတ်ပြန်ထားသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေစဉ် နံနက် ၁၀ နာရီမှ ည ၈ နာရီ အတွင်း ရေအားလျော့နည်းခြင်းနှင့် ယာယီ ရေပြတ် တောက်မှုများ ဖြစ်ပေါ်မည်ဟု ယင်းဌာန၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) လက်ထောက် ဌာနမှူး ဒေါ်သွဲ့နိုင်ဦးက“လိုအပ်တဲ့ ပြုပြင်မှုတွေ ရေပိုက်လည်း ပါတယ်၊ Pump တွေလည်း ပါတယ်။ ထပ်ပြီး Upgrade လုပ်တာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
မင်္ဂလာဒုံ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင် ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ သာကေတ၊ ဒေါပုံ၊ မင်္ဂလာ တောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကမာရွတ်၊ အလုံ၊ ကြည့်မြင်တိုင်နှင့် စမ်းချောင်းမြို့နယ် များတွင် ရေကြိုတင် စုဆောင်း ထား ကြရန်ကိုလည်း အသိပေး ကြေညာထားသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ရန်ကုန်မြို့တွင်းတွင် ရေလှောင်ကန်မှ ရေနှင့် အဝီစိတွင်းမှ ရေကို ပေးဝေလျက် ရှိသည်။
ရန်ကုန်မြို့တွင် ရေလှောင်ကန်များမှ ဂါလန် ၁၈၅ သန်းပေးပြီး အဝီစိတွင်းမှ ဂါလန် သန်း ၂၀ ပေးဝေလျက် ရှိကြောင်း အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) မှ သိရသည်။