သတင်းတို

နေပြည်တော် ရခိုင် ရိုးရာ သြင်္ကန် ကျင်းပနိုင်ရေး စီစဉ်နေ

နေပြည်တော်တွင် ရခိုင် ရိုးရာ သြင်္ကန် ရေလောင်း မဏ္ဍပ် ဖွင့်လှစ်ပြီး ရေကစားနိုင်ရေး အတွက် ရခိုင် တိုင်းရင်းသားများ အသင်း (နေပြည်တော်) က စီစဉ်နေကြောင်း သိရသည်။

လက်ရှိတွင် နေပြည်တော်ရှိ ရာဇသင်္ဂဟလမ်း၌ ရခိုင် ရိုးရာ သြင်္ကန် မဏ္ဍပ် စတင် တည်ဆောက်နေသည်ကို တွေ့ရသော် လည်း ကျင်းပမည့် အခြေအနေ အသေးစိတ်ကိုမူ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း တာဝန်ရှိသူများ က ဆိုသည်။

နေပြည်တော် ကောင်စီ အဖွဲ့ဝင် တဦး ဖြစ်သည့် ရခိုင် တိုင်းရင်းသား ဦးအေးမောင်စိန် က“အဲဒါ ပြောလို့ မရသေးဘူး။ တချို့ ဟာလေးတွေ အစည်းအဝေး လုပ်ရဦးမယ်”ဟု ပြောသည်။

နေပြည်တော်တွင် နေထိုင်ကြသော ရခိုင် တိုင်းရင်းသား အများစုမှာ ဝန်ထမ်းများ ဖြစ်ကြပြီး သြင်္ကန်ကာလတွင် နေရပ် ပြန်သည်များလည်း ရှိသည့် အတွက် ယင်းကိစ္စနှင့် ပတ်သက်၍ ရခိုင် တိုင်းရင်းသားများ အသင်းနှင့် ညှိနှိုင်းရမည် ဖြစ် ကြောင်း၊ မဏ္ဍပ် တည်ဆောက် ထားသည်မှာလည်း ပွဲကျင်းပ ဖြစ်ပါက အဆင်သင့် ဖြစ်စေရန် ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရခိုင် တိုင်းရင်းသားများ အသင်း (နေပြည်တော်)မှ အသင်းဝင် တဦး ဖြစ်သူ ကိုထွန်းထွန်းအောင် က ရခိုင်ရိုးရာ သြင်္ကန် ဖြစ်မြောက်ရေး အတွက် ကြိုးစားနေပြီး လူအင်အား အခြေအနေကို တွက်ဆနေကြောင်း ပြောသည်။

၎င်းက“အခက်အခဲတော့ မရှိပါဘူး။ လူနည်းလို့ပါ။ ဒီမှာက ဝန်ထမ်းတွေ များတာ ဆိုတော့ ရုံးပိတ်ရက်မှာလည်း လုပ်ကြ ရတာပါ။ လုပ်ဖြစ်ဖို့က များပါတယ်”ဟု ဆိုသည်။

နေပြည်တော်တွင် ရခိုင်ရိုးရာ သြင်္ကန် မဏ္ဍပ် ဖွင့်လှစ်ကာ ရေကစားခြင်းကို ၂၀၁၈ ခုနှစ်က ဇမ္ဗူသီရိမြို့နယ် ရာဇသင်္ဂဟ လမ်းတွင် စတင် ကျင်းပခဲ့ပြီး ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီးတို့ တက်ရောက်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ရခိုင်ရိုးရာ သြင်္ကန်မဏ္ဍပ်၌ ဒု သမ္မတနှင့် အတူ အမျိုးသား လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ကောင်စီ အဖွဲ့ဝင် ဦးအေးမောင်စိန်နှင့် လွှတ်တော် ကိုယ်စားလှယ်များလည်း ပါဝင် ရေကစားခဲ့ကြသည်။

ရခိုင် သြင်္ကန် ပွဲတော်ကို နှစ်စဉ် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌လည်း ကျင်းပလေ့ ရှိရာ ယခုနှစ်တွင် ရခိုင်ရိုးရာ ရေလောင်း ပွဲကို ထည့်သွင်း ကျင်းပခြင်း မပြုတော့ဘဲ ရခိုင် ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရား ရေသပ္ပာယ်ပွဲများကိုသာ ကျင်းပမည် ဖြစ် ကြောင်း သိရသည်။

Loading