မွန်ပြည်နယ် မော်လမြိုင်မြို့တွင် သံလွင် အလှ မြန်မာ့ ရိုးရာ အပန်းဖြေ လမ်းလျှောက် သြင်္ကန်ကို Ocean ဈေးဝယ် စင်တာ ဘေးရှိ သံလွင် ဥယျာဉ် ပန်းခြံဝင်း အတွင်း ကျင်းပမည်ဟု သိရသည်။
အပန်းဖြေ လမ်းလျှောက် သြင်္ကန်ကို အကျနေ့မှ အတက်နေ့ အထိ ၃ ရက်တိုင် ကျင်းပသွားမည် ဖြစ်ပြီး မွန်ပြည်နယ် အစိုး ရ အဖွဲ့က ဗမာ တိုင်းရင်းသား ရေးရာ ဘတ်ဂျက်ငွေထဲမှ ကျပ်သိန်း ၆၀ အသုံးပြုရန် ခွင့်ပြုပေးထားကြောင်း မွန်ပြည်နယ် ဗမာ တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးရွှေမြင့်က ပြောသည်။
နံနက်ပိုင်းတွင် သြင်္ကန် ရေကစား ထွက်ပြီးနောက် နေ့ခင်းပိုင်းတွင် အပန်းဖြေ အနားယူရင်း ရေကစားနိုင်ရန် ရေကစား မဏ္ဍပ်နှင့် စင်တင် တေးဂီတကို စီစဉ်ထားမည့် အပြင် စတုဒိသာကိုလည်း နေ့စဉ် ကျွေးမွေးသွားမည် ဟု ၎င်းက ဆိုသည်။
ဖွင့်ပွဲ စတင်မည့် အကျ နေ့ရက်တွင် နံနက် ၁၀ နာရီမှာ စတင်၍ ကျန်ရက်များကို မွန်တည့် ၁၂ နာရီတွင် စတင်သွားမည် ဖြစ်ကြောင်း ဦးရွှေမြင့်က ရှင်းပြသည်။
၎င်းက“စင်တင် တီးဝိုင်း ရှိမယ်။ လျှောက်လမ်းမှာ ထီးတွေနဲ့ လုပ်မယ်။ နောက်တခုကတော့ လှေတွေထဲမှာ ရေတွေ ထည့် ထားပေးမယ်။ စတုဒိတာကတော့ ကျနော်တို့ အလှူရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ကျင်းပတာ ဖြစ်ပါတယ်။ ကား၊ ဆိုင်ကယ် ရပ်နားမယ့် နေရာလည်း စီစဉ်ထားတယ်”ဟု ဆိုသည်။
အပန်းဖြေ လမ်းလျှောက် သြင်္ကန်ကို လာရောက် ဆင်နွှဲသူများ အတွက် ရေကစား မဏ္ဍပ်၊ စတုဒိတာ အပြင် လာရောက် ရေကစား ဆင်နွှဲသူများ၏ ကား၊ ဆိုင်ကယ်များအား လုံခြုံ စိတ်ချစွာ ထားရှိနိုင်ရန် ဧရိယာကိုလည်း စီစဉ်ပေးထားရန် လို ကြောင်း မော်လမြိုင်မြို့ လှိုင်ရပ်ကွက်နေ ဦးသိန်းဇော်က ပြောသည်။
ယခုနှစ် အပန်းဖြေ လမ်းလျှောက် သြင်္ကန် စည်ကားရန် အတွက် အရိပ်ရ အမိုးများ၊ လူသွား လျှောက်လမ်းများ အပေါ်၌ ရေပန်းများဖြင့် ပက်ဖြန်းထားမည် ဆိုပါက လာရောက် ရေကစားသူများ အတွက် ရာသီဥတု အပူဒဏ်ကို ပိုမို ခံနိုင်မည် ဖြစ်ကြောင်း မော်လမြိုင်မြို့ခံများက ပြောဆိုကြသည်။
၂၀၁၈ ခုနှစ် အတာ သြင်္ကန် ကာလတွင် မွန်ပြည်နယ် အစိုးရ အဖွဲ့မှ မော်လမြိုင် လမ်းလျှောက် သြင်္ကန်ကို ကမ်းနားလမ်း ရှိ ဗဟို မဏ္ဍပ် နေရာအား သတ်မှတ်ပေးခဲ့သော်လည်း လမ်းလျှောက် သြင်္ကန် ကျင်းပသည့် နေရာတွင် အရိပ်ရမည့် အမိုး အကာများ မရှိခြင်း၊ လမ်းလျှောက် သြင်္ကန် အတွက် အလှအပများ ပြင်ဆင်ထားမှု မရှိဘဲ စည်ပင်သာယာရေး အဖွဲ့က ရေတိုင်ကီများထဲတွင် ရေထည့်ထားပေးမှု တခုတည်းသာ ရှိသဖြင့် လမ်းလျှောက် သြင်္ကန်သို့ လာရောက်ကြသူ မရှိခဲ့ပေ။
မွန်ပြည်နယ် သြင်္ကန်ကာလမှာ သြင်္ကန် အကြိုနေ့မှ သြင်္ကန်နှစ်ဆန်း တရက်နေ့ အထိ ၅ ရက်တာ ရေကစားကြမည် ဖြစ်ပြီး မော်လမြိုင်မြို့ရှိ ဒေသခံများမှာ သြင်္ကန် အကျက်နေ့တွင် မုဒုံမြို့၊ အတက်နေ့တွင် ကျိုက်မရောမြို့နယ် နှစ်ဆန်း ၁ ရက်နေ့ တွင် ရိုးဂိုး ဘုရားပွဲသို့ သြင်္ကန်ရက် အလိုက် ရေပက်ခံ ထွက်ကြလေ့ရှိကြောင်း သိရသည်။