ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ ပိုမို လာရောက်ရန် အတွက် ပုဂံ လမ်းလျှောက် သြင်္ကန်ပွဲတော် ကို ယခုနှစ်တွင် ပထမဆုံး အကြိမ် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ပွဲတော် ဖြစ်မြောက်ရေး ကော်မတီဝင် ကိုဆော် (ပုဂံ) က “ပုဂံကို နိုင်ငံခြားသားတွေ ပိုပြီး စိတ်ဝင်စား လာအောင်ရယ်၊ဒီနှစ် ခရီးသွား ရာသီမှာ နိုင်ငံခြား ဧည့်သည် အတော် ပါးပါတယ်။ ဒါကြောင့်လည်း ပုဂံသူ၊ ပုဂံသားတွေက ဦးဆောင်ပြီး ကိုယ့်ဒေသ အတွက် ပြုလုပ် ဖြစ်တာပါ” ဟု ပြောသည်။
လမ်းလျှောက် သြင်္ကန်ပွဲတော်ကို ပုဂံဈေး အရှေ့ထိပ်မှ မြို့လယ် ဘုရား အထိ ကျင်းပရန် နေရာ သတ်မှတ်ထားပြီး ယနေ့ အထိ ရေကစား မဏ္ဍပ် ၁၅ ခုနှင့် ဖျော်ဖြေရေး ယိမ်းအက အဖွဲ့ ၅ ဖွဲ့ ပါဝင်မည်ဟု သိရသည်။
ယင်းအပြင် နိုင်ငံခြားသား ဧည့်သည်များ စိတ်ဝင်စားရန် အတွက် ရေကစား မဏ္ဍပ် အများစုအား ရိုးရာ ထန်းလျက် တဲများ၊မြန်မာရိုးရာဟန် မုခ်ဦးများနှင့် ဆောက်လုပ်မည်ဟု လမ်းလျှောက်သြင်္ကန် စီစဉ်သူများက ဆိုသည်။
သြင်္ကန်ပွဲတော် ကာလ ဖြစ်သော ဧပြီ ၁၃ ရက်မှ ၁၇ ရက် အထိ ရေကစား မဏ္ဍပ်များသို့ မည်သူမဆို ပါဝင် ရေကစားနိုင်ပြီး စတုဒိသာ ကျွေးမွေးခြင်း အစီအစဉ်အပြင် ပုဂံ ယိမ်း အဖွဲ့များက ကပြ ဖျော်ဖြေသွားမည် ဖြစ်သည်။