ပြည်တွင်း၌ မော်တော်ယာဉ်များနှင့် အကြီးစား စက်ပစ္စည်းများ ငှားရမ်းသည့် ဝန်ဆောင်မှု လုပ်ကိုင်လျက် ရှိသော Yoma Fleet ၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို အမေရိကန် ဒေါ်လာ၂၆ ဒသမ ၆ သန်းဖြင့် ဂျပန်နိုင်ငံ အခြေစိုက် Tokyo Century က ဝယ်ယူလိုက်ကြောင်း သတင်းရရှိသည်။
Yoma Fleet အနေဖြင့် ရရှိသော ရင်းနှီးမြှုပ်နှံမှု ဘဏ္ဍာငွေများနှင့် ပြည်တွင်း၌ မော်တော် ယာဉ်ငှားရမ်းခြင်း လုပ်ငန်းများ ကို တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Yoma Strategic ၏ အမှုဆောင် အရာရှိချုပ် Mr. Melvyn Pun က“မြန်မာနိုင်ငံတွင် မော်တော်ယာဉ် အသုံးပြုမှု နိမ့်ကျ နေသေးပြီး မော်တော်ယာဉ်နှင့် အကြီးစား စက်ပစ္စည်း ငှားရမ်းမှု အတွက် Yoma Fleet မှာ အခွင့်အလမ်းများစွာ ရှိနေ တယ်”ဟု ဆိုသည်။
ထို့ပြင် ပြည်တွင်း၌ တိုးတက် ပြောင်းလဲမှုများ ရှိလာသော်လည်း သမားရိုးကျ ဘဏ်ချေးငွေသည် နိုင်ငံ၏ စီးပွားရေးနှင့် နှိုင်း ယှဉ်ပါက နည်းပါးနေလျက် ရှိကာ စီးပွားရေး လုပ်ငန်း အများစုတွင် ငွေသား အသုံးပြုမှုသည် အဓိက ရှိနေကြောင်း၊ ထို အချက်များကြောင့် ဘဏ်လုပ်ငန်း ပြင်ပ ဘဏ္ဍာရေး ဆိုင်ရာ ဝန်ဆောင်မှု ကဏ္ဍ၌ လုပ်ငန်းရှင်များ အနေဖြင့် စားသုံး သူ များနှင့် ကုမ္ပဏီများ အတွက် လိုအပ်သည့် ဘဏ္ဍာငွေများကို ထောက်ပံ့နိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ယင်းသို့ ရှယ်ယာ ၂၀ ရာခိုင်နှုန်း ဝယ်ယူ လိုက်မှုကြောင့် Yoma Fleet ကုမ္ပဏီကို Tokyo Century က ၂၀ ရာခိုင်နှုန်းနှင့် Yoma Strategic က ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည် ဟု ဆိုသည်။
Yoma Fleet သည် အခြေခံ အဆောက်အအုံ၊ ဆောက်လုပ်ရေး၊ သတ္တု တူးဖော်ရေးနှင့် စိုက်ပျိုးရေး ကုမ္ပဏီများ အတွက် လိုအပ်သည့် အကြီးစား စက်ပစ္စည်းများ ငှားရမ်းခြင်းနှင့် မော်တော်ယာဉ် ငှားရမ်းမှု ဝန်ဆောင်မှု ပေးနေသည့် အော်ပရေတာ တခု ဖြစ်ကြောင်း သိရသည်။
Tokyo Century ၏ အကြီးတန်း စီမံခန့်ခွဲမှု အလုပ် အမှုဆောင် အရာရှိ Mr. Yasushi Yoshino က“ဂျပန်နဲ့ အရှေ့တောင် အာရှနိုင်ငံများမှ ရရှိသည့် ကျနော်တို့ရဲ့ လုပ်ငန်း အတွေ့အကြုံ ကျွမ်းကျင်မှုတွေနဲ့ မြန်မာနိုင်ငံမှာ လျင်မြန် တိုးတက် နေတဲ့ မော်တော်ယာဉ် ဈေးကွက် ပိုမို တိုးတက်လာအောင် ဆက်လက် လုပ်ဆောင်ပေး သွားမည်ဖြစ်ပါတယ်”ဟု ပြောသည်။
Tokyo Century ကုမ္ပဏီသည် စက်ပစ္စည်းများ ငှားရမ်းခြင်း၊ အရစ်ကျ ရောင်းချခြင်းနှင့် အခြား ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းများကို နိုင်ငံပေါင်း ၃၇ နိုင်ငံတွင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။