တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ရပ်ဝန်း တခု၊ လမ်းကြောင်းတခု (BRI) ဒုတိယမြောက် ဖိုရမ် တက်ရောက်ရန် ယနေ့မနက်ပိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ထွက်ခွာသွားသည်။
BRI ၏ အစိတ်အပိုင်း အနေဖြင့် မြန်မာ-တရုတ်စီးပွားရေးစြင်္ကန်တွင် မြန်မာနိုင်ငံ၌ အကောင် အထည်ဖော်ရန် စီမံကိန်း ၃၀ ခုကို အဆိုပြုထားပြီး ကျောက်ဖြူရေနက်စီမံကိန်းနှင့် ရန်ကုန်မြို့သစ် စီမံကိန်းတို့ကဲ့သို့ စီမံကိန်းများလည်း ပါဝင်လျှက်ရှိကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ၎င်းစီမံကိန်းများထဲမှ မန္တလေး-မူဆယ်ရထားလမ်းနှင့် ပြင်ဦးလွင်မြို့အနီး အကောင်အထည်ဖော်မည် New Mandalay Resort City စီမံကိန်းတို့ကို သဘောတူ လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ပြောထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မတိုင်မီ သွားရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခရီးစဉ်တွင်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရာတွင် BRI စီမံကိန်းများနှင့် ပတ် သက်၍ ဆွေးနွေးမှုများ ရှိခဲ့သည်။
ထိုဆွေးနွေးပွဲတွင် BRI ၏စီမံကိန်းများ အောင်မြင်မည်ဟု ယုံကြည်ကြောင်းနှင့် မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများကိုလည်း တပ်မတော်က ပါဝင်ပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်က ပြောခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း အငြင်းပွားဖွယ်ဖြစ်နေသည့် ဧရာဝတီမြစ်စုံ ရေအားလျှပ်စစ် စီမံကိန်း နှင့် ပတ်သက်၍ ဆွေးနွေးဖွယ်ရှိကြောင်း သုံးသပ်မှုများလည်းရှိနေသည်။
လူထုဆန့်ကျင် ကန့်ကွက်မှုများရှိနေသည့် မြစ်စုံစီမံကိန်း ဆက်လုပ်မလုပ်ကိုမူ အာဏာရ NLD အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပြတ်သားစွာထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။ ထို့ကြောင့် လူထုကလည်း ထိုစီမံကိန်းနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေစဲဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရုတ်ခရီးစဉ်အပြီးတွင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆင်၏ ဖိတ်ကြား ချက်အရ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။
ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်သည့် ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဦးကျော်တင်၊ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးအောင်ထူး၊ ဦးဆက်အောင်နှင့် တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။