စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်း မြို့နယ်တွင် ကားလမ်း တိုးချဲ့ရန် မြေတူးရာမှ ထွက်ရှိသည့် မြေစာများတွင် ရွှေပါဝင် သည် ဟုဆိုကာ ယခုရက်ပိုင်း အတွင်း ဒေသခံ ထောင်နှင့်ချီပြီး လာရောက် တူးဖော်နေမှုကို တားမြစ် လိုက်ကြောင်း သိရ သည်။
လက်ရှိတွင် ထိုနေရာ၌ အာဏာပိုင်များက ရဲတပ်ဖွဲ့ဝင်များကို လုံခြုံရေးချကာ တားမြစ်ထားကြောင်း အုပ်ချုပ်ရေး အဖွဲ့ အစည်း တာဝန်ရှိသူများနှင့် လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
အဆိုပါ နေရာသည် လမ်းလုပ်ငန်း ဆောင်ရွက်နေသည့်နေရာဖြစ်၍ လုပ်ငန်း အနှောင့်အယှက် မဖြစ်စေရန် တားမြစ်သည့် သဘောမျိုး ဖြစ်ကြောင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အရာရှိတဦး က ဆိုသည်။
“ကျနော်တို့က အရေးယူမှုတွေ မလုပ်ဘူး။ ခင်ဗျားတို့ မတူးကြပါနဲ့ဆိုပြီး မေတ္တာ ရပ်ခံပြီးတော့ ပြန်လွှတ်လိုက်တာ၊ ဖမ်းတာ ဆီးတာမျိုး မရှိပါဘူး။ တူးတဲ့သူတွေ မလာကြဘူးဆိုတော့ လမ်းလုပ်ငန်းတွေလည်း ပြန်လုပ်နေပါပြီ”ဟု ၎င်းက ပြောသည်။
ဧပြီလ၂၂ ရက်ခန့်မှ စတင်၍ ကောလင်းမြို့နယ်နှင့် ထီးချိုင့် မြို့နယ်သို့ ဆက်သွယ်ရာ ကားလမ်းကို ၁၇ ပေလမ်းမှ ပေ ၄၀ လမ်း အဖြစ် တိုးချဲ့လျက် ရှိရာ မင်းဝံ ဘေးမဲ့တောအနီးရှိ မြေများ၌ ရွှေပါဝင်သည်ဟုဆိုကာ လူအင်အား ထောင်နှင့်ချီကာ လာရောက် တူးဖော်ကြသည့် အတွက် လမ်းလုပ်ငန်းများကို ရပ်နားထားခဲ့ရသည်။
ကောလင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က“ဒေသန္တရ အမိန့်အရလည်း မလုပ်ရဘူးလို့ တားထားတယ်လေ။ တချို့ကလည်း ရွှေသိပ်မထွက်တော့ မလုပ်ကြတော့ပါဘူး။ လမ်းလုပ်ငန်း ကလည်း ပြန်စနေပါပြီ။ တချို့ ခိုးလုပ်ချင်သူတွေတော့ ရှိတာပေါ့။ ရဲအစောင့်တွေလည်း ထားထားပါတယ်”ဟု ပြောသည်။
ထို့နောက် ဧပြီလ ၂၄ ရက် ညအထိ လူအင်အား အများအပြားနှင့် လာရောက် တူးဖော်မှုများ ရှိခဲ့သော်လည်း ဧပြီလ၂၅ ရက်မှ စ၍ လာရောက် တူးဖော်ခြင်း မရှိတော့ဟု တာဝန်ကျ ရဲအရာရှိ တဦးက ပြောသည်။
ရွှေတွေ့သည်ဟု သတင်းထွက်သည့်နေရာသို့ ဒေသ အာဏာပိုင်များ၊ သက်ဆိုင်ရာ ဝန်ကြီး ဌာန တာဝန်ရှိသူများ လာ ရောက် ကွင်းဆင်း စစ်ဆေးခဲ့ပြီး ယင်းနေရာမှ မြေစာများကို အနီးရှိ ကျောက်ပုထိုး စမ်းသပ် ရွှေလုပ်ကွက် စက်ရုံတွင် စစ်ဆေးရာ ရွှေပါဝင်မှု မရှိသလောက် နည်းပါးသည်ကို တွေ့ရကြောင်း ဦးမျိုးဇော်အောင်က ပြောပြသည်။
“နမူနာ ကလည်း ရွှေ ပါဝင်မှု ရာခိုင်နှုန်းက အရမ်း နည်းတယ်လေ။ သာမန် ချက်မယ့် သူတွေ အလုပ်ဖြစ်မယ့် ရာခိုင်နှုန်း မဟုတ်ဘူး။ ရွှေ ပါတယ်လို့ ပြောလို့မရတဲ့ ရာခိုင်နှုန်းပေါ့”ဟု ၎င်းက ပြောသည်။
ယင်းသို့ လူအများအပြား လာရောက် တူးဖော်ကြသော်လည်း ရွှေပါဝင်မှု နည်းသည် ဟုသာ သိရပြီး ရွှေပမာဏ များများ ရသည်ဟု မကြားရကြောင်း ကောလင်း ဒေသခံ ဦးသူရက ပြောဆိုသည်။
၎င်းက ဆက်လက်၍“အရင်က ကောလင်း အနောက်ခြမ်း သစ်ဆေးတောင်မှာ ရွှေပေါ်တယ်။ သစ်ဆေးတောင်ရဲ့မြေနဲ့ အခု မြေနဲ့က နည်းနည်း တူနေတော့ တချို့ကျ အဲဒီမြေကို တူးပြီး သစ်ဆေးတောင်က မြေပါ ဆိုပြီး ရောင်းချတာမျိုးလည်း ကြားနေရတယ်”ဟု ဆိုသည်။
ယခု ရွှေထွက်သည် ဆိုသော နေရာသည် ရွှေသတ္တု တူးဖော်ခွင့် ရရန် ကုမ္ပဏီတခုက ဝန်ကြီးဌာနသို့ လျှောက်ထားခဲ့ပြီး လုပ်ကိုင်ခွင့် စောင့်ဆိုင်းနေသည့် နေရာ တခုလည်း ဖြစ်ကြောင်း သိရသည်။
ကောလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အရာရှိ တဦးက“ထာဝရ ကုမ္ပဏီက ဝန်ကြီး ဌာနကို လျှောက်ထား တာ ကြာပြီ။ ခွင့်ပြုမိန့် မကျသေးတာလို့ ဘူမိဗေဒ အရာရှိက ကွင်းဆင်းတော့ ကျနော်တို့ကို ပြောပါတယ်”ဟု ပြောသည်။
ကောလင်းမြို့နယ်သည် ရွှေထွက်ရှိသည့် ဒေသ ဖြစ်ပြီး ယခင်နှစ်များက ကောလင်းမြို့အနောက်ဘက် လာကာ ကျေးရွာ အနီးနှင့် သစ်ဆေး တောင်တို့၌ ရွှေထွက်သည် ဆိုသော သတင်းကြောင့် လူအများအပြား လာရောက် တူးဖော်ကြ၍ သက် ဆိုင်ရာက တားမြစ်ခဲ့ရကြောင်း သိရသည်။