Reuters သတင်းထောက်များ ဖြစ်သည့် ကိုဝလုံး(ခ) သက်ဦးမောင်နှင့် ကိုကျော်စိုးဦး တို့ ၂ ဦးကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) က ယခုနှစ် အတွက် Guillermo Cano Press Freedom ဆုကို ပေးအပ်သွားမည် ဖြစ်ကြောင်း UNESCO မှ သတင်း ထုတ်ပြန်ထားသည်။
UNESCO က သတင်းစာ လွတ်လပ်ခွင့်ကို မြှင့်တင်သည့် အနေဖြင့် တကမ္ဘာလုံးရှိ သတင်း သမားများ ထဲမှ ရွေးချယ်၍ ယင်းဆုကို နှစ်စဉ် ဂုဏ်ပြု ပေးအပ်ခြင်း ဖြစ်ကာ ယခုနှစ်တွင် ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့ကို ဆုချီးမြှင့်ခြင်း ဖြစ်သည်ဟု ဆို သည်။
ယင်းဆုကို မေလ ၂ ရက်နေ့တွင် ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌ UNESCO က ကျင်းပမည့် ကမ္ဘာ့ သတင်းစာ လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် Reuters သတင်းထောက်များ ကိုယ်စား ၎င်းတို့၏ ဇနီး ၂ ဦးကို ဆုများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ သတင်းထောက်များ အနေနှင့် ယခု ဆုသည် ဒုတိယ အကြိမ်မြောက် ရရှိခဲ့ခြင်း ဖြစ်ပြီး၂၀၁၁ ခုနှစ်က သတင်းစာ ဆရာကြီး ဦးဝင်းတင်ကို ပထမ အကြိမ် ပေးအပ်ခဲ့ဖူးသည်။
၂၀၁၈ ခုနှစ် စက်တင်ဘာလက နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ် အပြစ်ပေးခံနေရသော ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့သည် ကမ္ဘာ့ စာနယ်ဇင်း လောက၏ အမြင့်ဆုံး ဖြစ်သည့် ပူလစ်ဇာဆုကိုလည်း မြန်မာနိုင်ငံတွင် ရှိသည့် Reuters သတင်း အဖွဲ့နှင့် အတူ ယခုနှစ် အတွက် ရရှိခဲ့ပြီး ဖြစ်သည်။
ရိုက်တာ သတင်းထောက်များကို ထောင်ဒဏ် အပြစ်ပေးလိုက်သည့် အမိန့်တွင် သတင်းထောက်များကို မူလ စတင် ဖမ်းဆီးစဉ်က ရခိုင်ပြည်နယ်တွင် တာဝန် ထမ်းဆောင်ခဲ့သော လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ပတ်သက်သည့် လျှို့ဝှက် စာရွက်စာတမ်းများ တွေ့ရှိမှုကြောင့် ဆိုသည့် အချက်က တိမ်မြုပ်သွားပြီး သတင်းထောက်များ၏ လက်ကိုင်ဖုန်း အတွင်း လုံခြုံရေး အဆင့် သတ်မှတ်ထားသည့် စာရွက်များတွေ့ရှိခြင်း၊ ကိုဝလုံး၏ မှတ်စု စာအုပ်တွင် ရခိုင် လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်ရမည့် ဖုန်းများ မှတ်ထားခြင်း ဆိုသည့် အချက်ကို သုံးသပ်ကာ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။
သတင်းထောက်များအား ရဲတပ်ဖွဲ့မှ ထောင်ချောက်ဆင် ဖမ်းဆီးခြင်း အကြောင်းကို တရားလိုပြ သက်သေ ဖြစ်သည့် ဒုရဲမှူး ဟောင်း မိုးရန်နိုင်က တရားခွင် အတွင်း ထင်ထင်ရှားရှား ထွက်ဆိုခဲ့ သဖြင့် ၎င်းကို ရဲစည်းကမ်း ဖောက်ဖျက်မှုဖြင့် ထောင် ဒဏ် ၁ နှစ် အပြစ်ပေးခြင်း ခံခဲ့ရသည်။