ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ စာအုပ်ကို ဒေါ်အောင်ဆန်းစု ကြည် ကိုယ်တိုင် တည်းဖြတ်ပြီး ဖြစ်၍ မကြာမီ ထုတ်ေ၀ တော့မည်ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင် ကို မီဒီယာ များကို ပြောသည်။
၎င်းက “နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြတဲ့အခါမှာ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးကမှ လိုအပ်သလိုတည်းဖြတ်ပြီးတော့ ပြန်လည်ချပေး ထားတယ်။ မကြာခင် ပုံနှိပ်ထုတ်ဝေ နိုင်မယ့် အနေအထား ရောက်အောင်လည်း အခုလုပ်ဆောင်နေပါ တယ်” ဟု မေလ ၂ ရက်နေ့က နေပြည်တော်ရှိ အမျိုးသား ပြတိုက်တွင် ပြုလုပ်ခဲ့သော ရှေးဟောင်း မြန်မာ့ လက်ဝတ်ရတနာ ပြပွဲတွင် မီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ စာအုပ်ကို ယခင် အစိုးရ လက်ထက်များက ရေးသားခဲ့သော်လည်း အပြီးသတ် ထုတ် ဝေ နိုင်ခြင်း မရှိဘဲ ၊ ယခု NLD အစိုးရ တက်ပြီးနောက်ပိုင်း ပြည်သူအချို့နှင့် သမိုင်းသုတေသန ပညာရှင်များ၏ တောင်း ဆိုမှု ကြောင့်၊ အထောက်အထား စုဆောင်းအဖွဲ့၊ ရေးသားသည့် အဖွဲ့၊ စိစစ်သည့်အဖွဲ့တို့ဖြင့် စနစ်တကျ ပြုစုရေးသားခဲ့ပြီး သမီး ဖြစ်သူကိုယ်တိုင် တည်းဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိစာအုပ် ရေးသားခြင်းအပြင် နှစ်ပေါင်းထောင်ချီရှိ နေပြီဖြစ် သည့် မြန်မာ့သမိုင်း အစစ်အမှန်ကိုလည်း ပြန်လည်ရေးသား ပြုစုလျက်ရှိကြောင်းသိရသည်။
ထို့အပြင် မြန်မာ့ သမိုင်းအဖွဲ့ကိုလည်း ပညာရှင်များနှင့် ပြန်လည် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ ရှေ့မီ၊ နောက်မီ သမိုင်း အထောက်အထားများ တတ်သိနားလည်းသည့် ဆရာကြီး၊ ဆရာမကြီးများကို လုံလောက်သည့် ထောက်ပံ့ကြေးပေး၍ ခေတ်ကာလ နှင့် အညီ တာဝန် ခွဲဝေမှုများ ပေးအပ်၍ သမိုင်း အစစ်အမှန်ကို ပြန်လည်ရေးသားနိုင်သည့် လုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သူရ ဦးအောင်ကိုက ဆိုသည်။
ယခု ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာအုပ်တွင် အခန်းခြောက်ခန်းပါဝင်ပြီး ဗိုလ်ချုပ်ငယ်စဉ်ဘဝမှ ကွယ်လွန်ချိန်အထိ ပါဝင်မည် ဖြစ်ပြီး၊ ဗိုလ်ချုပ်အောင် ဆန်း အတ္ထုပ္ပတ္တိစာအုပ်ကို ၂၀၁၉ တွင် ထွက်ရှိနိုင်ရန် ကြိုးစားနေကြောင်း သမိုင်းသုတေသန နှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးအောင်မြင့်က ပြောသည်။
NLD အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းစာအုပ် အပြင်၊ ဗိုလ်ချုပ် ရုပ်ရှင်ကိုလည်း ငွေကျပ် ၁ ဘီလီယံ ကျော် အကုန်ကျခံ ရိုက်ကူးနေပြီး၊ ၂၀၂၀ ခုနှစ်တွင် ရုံတင် ပြသ နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပတ္တိ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တည်းဖြတ်နေ
ဗိုလ်ချုပ်အောင်းဆန်း အတ္ထုပ္ပတ္တိ မူကြမ်းစာအုပ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြ