ရခိုင်ပြည်နယ်၊ စစ်တွေအခြေစိုက် Development Media Group (DMG) သတင်းဌာနကို မတရားအသင်း ဥပဒေ ပုဒ်မ ၁၇ (၂)နှင့် အမှုဖွင့်ထားပြီး လက်ရှိအချိန် တွင် သတင်းသမား ၂ ဦး အား ရဲတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးနေလျှက်ရှိသည်။
မေလ ၅ ရက်နေ့ ညနေပိုင်းက အဆိုပါ DMG ရုံးသို့ ရဲတပ်ဖွဲ့က သွားရောက်၍ သတင်းထောက်ချုပ် ကိုနေဝင်းစံနှင့် သတင်းထောက် သက်နိုင်တို့ကို ခေါ်ယူခဲ့သည့်အတွက် ၎င်းတို့ နှစ်ဦး စစ်တွေ အမှတ် (၁) ရဲစခန်းသို့ သွားရောက် စစ်ဆေးမှုခံယူနေခြင်း ဖြစ်သည်။
သတင်းထောက်ချုပ် နေဝင်းစံ က “ကျနော်တို့ စခန်းကို လိုက်သွားတဲ့အခါ ကျနော်ကို ပထမ စစ်တယ်၊ သူတို့ ပြောတာ အယ်ဒီတာချုပ် ကိုအောင်မင်းဦးကို ၁၇ (၂) နဲ့ အမှုဖွင့်ထားတယ်လို့ ပြောတယ်။ ကျနော်တော့ ဂျာနယ်မှာ ဖော်ပြတဲ့ လူစာရင်းတွေကို မေးတယ်။ မနေ့က အချိန်မရလို့ ဒီနေ့ ထပ်ချိန်းတယ်။ ဒီနေ့ ကျနော်တို့ ထပ် အစစ်ခံဖို့ သွားနေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယမန်နေ့ညက ၎င်းတို့နှစ်ဦးအား ရဲက ခေါ်ယူ စစ်ဆေးရာတွင် စစ်တွေ အခြေစိုက် သတင်း သမားများ စစ်တွေအမှတ် (၁) ရဲစခန်းသို့ စုရုံး ရောက်ရှိခဲ့ကြသည်။
စစ်တွေအမှတ်( ၁) စခန်းမှူးအား သတင်း မီဒီယာများက မေးမြန်းရာတွင် ၎င်းဌာနမှ အယ်ဒီတာချုပ် ကိုအောင်မင်းဦးအား ရခိုင်ပြည်နယ် သတင်းရဲတပ်ဖွဲ့က ၁၇ (၂ ) နှင့် လာရောက်အမှုဖွင့်ထားသည့် အတွက် သတင်းဌာနမှ သတင်းထောက် တချို့ကို ခေါ်ယူ စစ်ဆေးရခြင်းဖြစ်ကြောင်းပြောသည်။
သို့သော်လည်း DMG သတင်းဌာနကို မည့်သည့် အတွက်ကြောင့် ယင်းပုဒ်မဖြင့် စွဲဆိုသည် ဆိုသည်ကိုတော့ အသေးစိတ် ရှင်းမပြသဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။