သောက်သုံးရေ ပြတ်လပ်မှု မရှိစေရန် ရေလှောင်ကန်များ၌ ရေကို လုံလောက်စွာ သိုလှောင်ထားသော်လည်း လျှပ်စစ်မီး ပြတ်တောက်သဖြင့် ရေတွန်းစက်များ မောင်းနှင်နိုင်ခြင်း မရှိ၍ ရေအား လျော့နည်းခြင်း၊ ရေပြတ်တောက်ခြင်းများ ဖြစ် ပေါ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာရေး ကော်မတီ(YCDC) က ထုတ်ပြန်သည်။
ထိုကဲ့သို့ ရေသုံးစွဲမှု အဆင်မပြေခြင်းအတွက် သည်းခံ နားလည်ပေးပါရန်နှင့် လတ်တလော ရေလိုအပ်ချက်အတွက် ရေကားများ စီစဉ်ပေးမည် ဖြစ်ကြောင်း YCDC ၊ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့က ကြေညာထား သည်။
“ရေအရင်းအမြစ် ဖြစ်သည့် ရေလှောင်ကန်ကြီးများမှ တွန်းပို့ ပေးဝေလျက်ရှိသော ရေတွန်းစက်ကြီးများတွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်ခြင်း မြို့နယ် အသီးသီးရှိ ထပ်ဆင့် ရေတွန်းစက်များတွင် မကြာခဏ အချိန်ပိုင်း လျှပ်စစ်မီး ပြတ်တောက်ခြင်းများ ဖြစ်ပေါ်သဖြင့် ရေတွန်းစက်များ ဟန်ချက်ညီညီ မောင်နှင်းနိုင်ခြင်း မရှိသောကြောင့် ရေပိုက်လိုင်း များအတွင်း ရေဖိအား လျော့နည်း၍ အချို့နေရာများတွင် ရေအားလျော့နည်းခြင်း၊ ရေပြတ်တောက်ခြင်းများ ဖြစ်ပေါ်လျက် ရှိပါသည်” ဟု YCDC ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
မင်္ဂလာတောင်ညွန့် မြို့နယ်နေ ဒေါ်သီတာဝင်းက “ဟုတ်တယ် ဒီရက်ပိုင်း တချို့ရက်တွေ ရေမလာဘူး။ လာရင်လည်း ခပ်ကြာကြာတင်ရတယ် ရေအားနည်းတော့လေ။ ဒီလိုပဲ မီးပြတ်နေမှတော့ ရေပေးထားလည်း အလကားပဲ ရေမှ တင်မရ တာ။ အဓိကက လျှပ်စစ်မီး မှန်နေဖို့ပဲ လိုတယ်။ မီးကလည်း အခုချက်ချင်းလာ အခုချက်ချင်းပြတ်ဆိုတော့ ရေလည်း မီးလာတာနဲ့ ချက်ချင်းမတင်ရဲဘူး ရေစက်တွေပြတ်မှာလည်း ကြောက်နေရတယ်” ဟုဆိုသည်။
ရန်ကုန်တိုင်းရှိ မြို့နယ် အသီးသီး၌ အပိုင်း လေးပိုင်း ခွဲကာ ၁ ကြိမ် ဖြတ်လျှင်၂ နာရီနှုန်းဖြင့် အများဆုံး ၃ ကြိမ် (၆နာရီ) အထိ အလှည့်ကျ ဖြတ်တောက်လျက် ရှိကြောင်း YESC ဓာတ်အား ဖြန့်ဖြူးရေး ဌာန၊ အထွေထွေ မန်နေဂျာ ဦးတင်အောင် က ဧရာဝတီသို့ ပြော သည်။
စက်မှုဇုန်များကိုမူ နေ့စဉ် ညနေ ၄ နာရီမှ ည ၁၀ နာရီ အထိ ဝန်အားလျှော့သည့် အနေဖြင့် မီးဖြတ်တောက်ပြီး အဆိုပါ ဝန်အားကို အများ ပြည်သူ အတွက် ပြန်လည် မျှဝေပေးနေခြင်း ဖြစ်ကြောင်း ဓာတ်အား ဖြန့်ဖြူးရေးဌာနက သိရသည်။