မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် တရားမဝင်နေထိုင်ပြီး အွန်လိုင်းလောင်းကစားလုပ်နေသည့် တရုတ်နိုင်ငံသား ၁၈၈ ဦးအား M 22 သေနတ် ၃ လက် အပါအဝင် မူးယစ်ဆေးဝါးအချို့တို့နှင့်အတူ ယနေ့မနက်ပိုင်းက ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ပူးပေါင်းအဖွဲ့များအနေဖြင့် အဖွဲ့သုံးဖွဲ့ခွဲကာ ဖမ်းဆီးရာတွင် ဝိန်းကျောက်ရပ်ကွက်ရှိ လပ်ကီးမိုတယ်အတွင်းမှ တရုတ်နိုင်ငံသား ကျား ၇၅ ဦးနှင့် မ ၄ ဦးတို့ကို ဖုန်း ၁၆၄ လုံး၊ စကားပြောစက် ၅ လုံး၊ လက်တော့ ၅ လုံး၊ Alphard ယာဉ်တစီးတို့နှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဝိန်းကျောက်ရပ်ကွက်ရှိ အိမ်တစ်အိမ်မှလည်း တရုတ်နိုင်ငံသား ကျား ၆၅ ဦးနှင့် မ ၅ ဦးတို့အား M 22 သေနတ် ၃ လက်၊ ကျည်အိမ် ၁၁ ခု၊ ကျည်ဆံ ၃၀၀ တောင့်ကျော်၊ ကျည်ကာအင်္ကျီ ၃ ထည်၊ ကား ၂ စီး၊ ဆိုင်ကယ် ၄ စီး၊ ဖုန်းအလုံး ၂၀၀ နှင့် WY စိတ်ကြွဆေးပြား ၂၅ နှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ရန်အောင်မြေရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးမှလည်း တရုတ်နိုင်ငံသား ကျား ၃၈ ဦးနှင့် မ ၁ ဦး၊ မြန်မာနိုင်ငံသား ၁၀ ဦးတို့အား ဖုန်းအမျိုးအစားစုံ ၁၈၄ လုံး၊ လက်ပ်တော့ ၁၁လုံး၊ ကား ၃ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တာချီလိတ်မြို့ခံ တဦးက “ဖမ်းမိတဲ့ဆီမှာ လောင်းကစားလုပ်တဲ့ အထောက်အထားတွေ တွေ့တယ်၊ အွန်လိုင်း လောင်းကစားတွေ ဆိုတာက မြို့ကိုရော၊ လူငယ်တွေကိုရော အများကြီးထိခိုက်ပါတယ်၊ ဆေးပြားတွေနဲ့ ထူးမခြားပါပဲ” ဟု လောင်းကစားများနှင့် ပတ်သက်ပြီး ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ-ထိုင်း နယ်စပ်တွင်တည်ရှိသည့် တာချီလိတ်မြို့တွင် လောင်းကစား၊ မူးယစ်ဆေးဝါး နှင့် သေနတ်ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ယနေ့ နေ့လည်ပိုင်းတွင်ပင် မြို့တွင်ဆိုင်ကယ်စီးလာသူ နှစ်ဦးအား နောက်မှဆိုင်ကယ်ဖြင့်လိုက်ကာ သေနတ်ဖြင့်ပစ်ခတ်သည့်အတွက် ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
ဖမ်းဆီးရမိထားသူများနှင့်ပတ်သက်ပြီး အမှုဖွင့် အရေးယူနိုင်ရေးအတွက် တာချီလိတ်ရဲစခန်းမှ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။