မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းရှိ မြို့ပေါင်း ၂၀ မှ ပြည်သူများ၏ မြစ်ဆုံစီမံကိန်း ကန့်ကွက်ကြောင်း သဘောထား လက်မှတ်များကို တရုတ် သမ္မတ ရှီကျင့်ဖျင်ထံ ပေးပို့သွားမည် ဖြစ်ကြောင်း ငြိမ်းချမ်းပါစေ မြန်မာပြည်ကွန်ရက် က ပြောသည်။
ငြိမ်းချမ်းပါစေ မြန်မာပြည်ကွန်ရက် က ယခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအထိ အဆိုပါမြို့များတွင် မြစ်ဆုံ စီမံကိန်း ဖျက်သိမ်းရေး လူထုသဘောထား ဖော်ထုတ်ပွဲများ ပြုလုပ်ခဲ့ပြီး စီမံကိန်းကို ကန့်ကွက်ကြောင်း လက်မှတ်ကောက်ခံခဲ့ခြင်း ဖြစ်သည်။
ကောက်ခံရရှိခဲ့သည့် လက်မှတ်ပေါင်း ၁၇၁၄၆ ခုကို တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် အပါအဝင် တရုတ် ကွန်မြူနစ်ပါတီ၊ မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ထံ ပေးပို့သွားမည်ဖြစ်ကြောင်း ကွန်ရက်တာဝန်ရှိသူများက ပြောသည်။
ငြိမ်းချမ်းပါစေ မြန်မာပြည်ကွန်ရက်မှ အောင်လံမြို့နယ်တာဝန်ခံ ဦးဌေးဝင်းအောင် က “ကျနော်တို့ အနေနဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သတ်ပြီး ပြောချင်တာက တာဝန်ရှိသူတွေ အနေနဲ့ မြစ်ဆုံစီမံကိန်း မဆောင်ရွက်မီမှာ စီမံကိန်း အကျိုးသက်ရောက်မှု ရှိတဲ့ဒေသက ပြည်သူတွေရဲ့သဘောထား ဆန္ဒတွေကို စစ်တမ်း ကောက်ယူပြီးမှ ပြုလုပ်စေချင်ပါတယ်။ ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အခြေအနေတွေကို ဆန်းစစ်မှုတွေ ပြုလုပ်ပြီးမှသာ စီမံကိန်းဆောင်ရွက်ဖို့ အကြံပြုပါတယ်”ဟု ပြောသည်။
ငြိမ်းချမ်းပါစေ မြန်မာပြည် ကွန်ရက် အနေဖြင့် မြစ်ဆုံစီမံကိန်း လူထုသဘောထား ဖော်ထုတ်ပွဲများကို မကွေးတိုင်းဒေသကြီး ရေနံချောင်း၊ အောင်လံ၊ သရက်၊ ဆင်ပေါင်ဝဲ၊ ရေစကြိုမြို့တို့တွင်လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးတွင် ပြည်၊ ပေါင်းတည်၊ ပန်းတောင်း၊ သဲကုန်း၊ ပေါင်းတလည်၊ ရွှေတောင်မြို့တို့တွင် လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတော၊ အင်္ဂပူ၊ ဟင်္သာတ၊ မြန်အောင်၊ ဇလွန်နှင့် လေးမျက်နှာမြို့နယ်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဧရာဝတီမြစ် မြစ်ဖျားခံရာ ကချင်ပြည်နယ်ရှိ မေခနှင့် မလိခမြစ်တို့ ဆုံဆည်းရာ မြစ်ဆုံဒေသတွင် အကျယ် ပေ ၅၀၀၊ အမြင့် ပေ ၅၀၀ ရှိမည့် မြစ်ဆုံဆည် တည်ဆောက်ရန် မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးရေး လုပ်ငန်း (MEPE) နှင့် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (CPI) တို့ စာချုပ်ချုပ်ဆို သဘောတူညီထားပြီး လျှပ်စစ်ဓာတ်အား ၆၀၀၀ မဂ္ဂဝပ်အထိ ထုတ်လုပ်ရန် ရည်ရွယ်ထားကာ လျှပ်စစ်ဓာတ်အား အများစုမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းရယူသွားမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံခန့် ကုန်ကျမည့် အဆိုပါ မြစ်ဆုံစီမံကိန်းကို ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေ ဦးဆောင်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက် ၂၀၀၇ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် သဘောတူညီခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တာဝန်ယူခဲ့သည့် သမ္မတ ဦးသိန်းစိန်က ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အာဏာရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် တရုတ်နိုင်ငံက မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းမှုများ လုပ်ဆောင် လာခဲ့သည်။