စိုက်ပျိုးရေး စရိတ်များ ထုတ်ချေးရာတွင် အတိုး အဖြစ် ၅ ရာခိုင်နှုန်းအား ကိုယ်ကျိုးရယူခဲ့သည့် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင်အား အဂတိ လိုက်စားမှုဖြင့် အမှုဖွင့်လိုက်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ACC) က ထုတ်ပြန်ထားသည်။
၎င်းသည် ယခင် မြောင်းမြမြို့နယ် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ခွဲတွင် လုပ်ကိုင်စဉ် တောင်သူ ၁၁ ဦး၏ တဦးချင်း ပေးဆပ်သည့် ချေးငွေ ၁၅၄၁၁၀၀၀ ကျပ်နှင့် အတိုး ၅ ရာခိုင်နှုန်းဖြင့် အပိုဆောင်းပေး ရငွေ ကျပ် ၇ သိန်းကျော် (၇၇၀၅၅၀) အား လက်ခံရယူခဲ့သဖြင့် ယင်းသို့ ရာထူး တာဝန်အား အလွဲသုံးစားပြုကာ အတိုးအား ကိုယ်ကျိုးရ ယူ ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု ကော်မရှင်က ဆိုထားသည်။
ထို့ပြင် လေးအိမ်တန်း ကျေးရွာမှ တောင်သူ ၁၄ ဦး၏ ၂၀၁၆ ခုနှစ် မိုးစပါးချေးငွေ ၁၈၉ သိန်းကျော်အား ပြန်ဆပ်ငွေ အဖြစ် မြန်မာ့ စီးပွားရေးဘဏ်သို့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၀ ရက်တွင် ပေးသွင်းပြီး တရက် အကြာ သြဂုတ် ၂၁ ရက်တွင်ပင် ယင်းတောင်သူ ၁၄ ဦးအား စိုက်ပျိုးစရိတ် ချေးငွေသစ် ထုတ်ပေးခဲ့ကြောင်းလည်း ကော်မရှင်က ဖော်ပြ ထားသည်။
ဒေါ်မာလာတင် အနေဖြင့် တောင်သူ လယ်သမားများ၏ အခက်အခဲများ အပေါ် အခွင့်ကောင်းယူကာ လာဘ်ငွေ ရယူမှု အပေါ် တိုင်ကြားမှုအား မြောင်းမြမြို့မ ရဲစခန်းတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် ပထမ သတင်းပေး တိုင်ကြားချက် ဖွင့်ခဲ့ပြီး တရားစွဲဆိုနိုင်ရေး ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
You May Also Like These Stories:
လွှတ်တော် တိုင်ကြားစာ ကော်မတီသို့ ပြည်ထဲရေး အများဆုံး တိုင်ကြားခံရ
မန္တလေးတိုင်း မြေယာ ပြဿနာများ ဒေါ်အောင်ဆန်းစုကြည်ထံ တိုင်ကြားစာ ပို့
နေပြည်တော်ရှိ ကျူးကျော် ၉၀၀ ကျော် မြေနေရာ ရရှိရေး ဆောင်ရွက်ပေးမည်
ဥပဒေ ချိုးဖောက်သည့် ငှက်ပျောစိုက် ကုမ္ပဏီကို အရေးမယူဘဲ တရားဝင် မြေလျှောက်ခွင့်ပြု