ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမြို့တွင် ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အထိမ်းအမှတ်ပွဲကို အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA)က ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်တွင် ကျင်းပမည် ဖြစ် ကြောင်း သိရသည်။
အခမ်းအနား အစီအစဉ် အရ ဇွန် ၂၆ ရက်တွင် မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး အခမ်းအနားနှင့် ဖမ်းဆီး ရမိသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခြင်း အစီအစဉ် ပြုလုပ်မည် ဖြစ်သည်။
ဇွန်၂၈ ရက်တွင် ငြိမ်းချမ်းရေး ကျောက်တိုင် ဖွင့်ပွဲနှင့် ငြိမ်းချမ်းရေး သစ်ပင်စိုက်ပွဲ ကျင်းပမည် ဖြစ်ပြီး ဇွန် ၃၀ ရက်၌မူ စစ်ရေးပြနှင့် လူထု ချီတက်ပွဲ တို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း NDAA မိုင်းလား အဖွဲ့က ထုတ်ပြန် ထားသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လိုသော သတင်းမီဒီယာများ အနေဖြင့် ဇွန် ၁၀ ရက်နေ့ နောက်ဆုံးထား၍ စာရင်း ပေးသွင်းရန်လည်း NDAA က ဆိုသည်။
NDAA သည် ယခင်က ဗမာပြည် ကွန်မြူနစ်ပါတီ(CPB)၏ လက်အောက်ခံ စစ်ဒေသ ၈၁၅ အဖြစ် တည်ရှိခဲ့ရာမှ ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ် ပါတီမှ ခွဲထွက်ခဲ့ပြီး တပ်မတော် အစိုးရနှင့် ၁၉၈၉ ခုနှစ် ဇွန် ၃၀ ရက်၌ ငြိမ်းချမ်းရေး ရယူခဲ့ သည်။
ထို့နောက် တပ်မတော် အစိုးရဘက်က NDAA ကို မိုင်းလား ဒေသ၊ ဆီလူးဒေသ၊ နမ့်ပန်းဒေသ ဟူ၍ ဒေသ ၃ ခုကို စုစည်း၍ အထူးဒေသ (၄) အဖြစ် သတ်မှတ်ပေးခဲ့သည်။
လက်ရှိမှာတော့ NDAA သည် မိုင်းလားမြို့တွင် ဗဟိုဌာနချုပ် အဖြစ် တည်ထားပြီး အုပ်ချုပ်ရေးယန္တရားများကို စီမံခန့်ခွဲ လျက်ရှိသလို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အဖြစ် သတ်မှတ်ပေးရန်လည်း အစိုးရသို့ တင်ပြ တောင်းဆို ထားကြောင်း သိရသည်။
You may also like these stories:
မိုင်းလား နောက်ကွယ်က စီးပွားရေးလုပ်ငန်းများ