ယနေ့ အထိ ဖမ်းဆီးရမိခြင်း မရှိသေးသည့် ဦးဝီရသူ အမှုကိစ္စနှင့် ပတ်သက်၍ ထိထိရောက်ရောက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။
ထို့ပြင် ဦးဝီရသူအား ဖမ်းဆီးနိုင်မှု မရှိခြင်းသည် အာဏာပိုင်များ ကူညီပေးနေမှုများ ရှိနေသည်ဟု ကြားသိရကြောင်း မီဒီ ယာသမား တဦး၏ မေးခွန်းကိုလည်း အာဏာပိုင်များနှင့် ပတ်သက်နေမှု မရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ဇွန်လ ၅ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ တတိယ ၁ နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာ သမားများ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက“အာဏာပိုင်တွေက ဒီဆောင်ရွက်တဲ့ ကိစ္စရပ်တွေမှာ မပတ်သက်ပါဘူး။ ပတ်သက်ရင်လည်း သူ့(ဦးဝီရသူ)ကို တရားစွဲနေစရာ မလိုပါဘူး။ အဲဒီအတွက် ကျနော်တို့ဘက်က ထိထိရောက်ရောက် ဆောင်ရွက်သွားမယ် ဆိုတာကို ပြောပါရစေ”ဟု ပြောသည်။
ဦးဝီရသူအား ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲ တခုတွင် စင်ပေါ် တက်ရောက် ဟောပြောခဲ့မှုနှင့် ပတ်သက်ပြီး ရန်ကုန် အနောက်ပိုင်းခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက နိုင်ငံတော် အကြည်ညို ပျက်စေမှု ဆိုင်ရာ ပုဒ်မ ၁၂၄ (က) ဖြင့် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုပြီးနောက် တရားရုံးက ဖမ်းဝရမ်း ထုတ်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ဝရမ်းထုတ်ခံရသည့် ဦးဝီရသူအား ဝရမ်းပြန်အပ်ရန်နောက်ဆုံး ရက် ဇွန်လ ၄ ရက်အထိ ဖမ်းမိခြင်း မရှိသည့်အတွက် အနောက်ပိုင်းခရိုင် တရားရုံးက ပုဒ်မ ၁၂၄(က)/ ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၂ အရ ရာဇဝတ် အထွေထွေမှု ဖွင့်လှစ်ကာ ဇွန်လ ၁၁ ရက်အထိ ဝရမ်း ထပ်မံ ထုတ်ပေးထားသည်။
ဦးဝီရသူအား အမှုဖွင့် ဝရမ်း ထုတ်ထားသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄ (က) အရ ပြစ်မှုထင်ရှားပါက ကျူးလွန်သူ အား အမြင့်ဆုံး ထောင်ဒဏ်နှစ် ၂၀ နှင့် ငွေဒဏ် ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ရန်ကုန်ကို အခြေပြု၍ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရမည် ဟု ဦးဖြိုးမင်းသိန်းပြော
ဦးဝီရသူကို တပတ်အတွင်း မမိပါက တရားခံပြေး ကြေညာကာ မျက်ကွယ်အမှုစစ်ဖွယ်ရှိ
လေထုညစ်ညမ်းစေသည့် စက်ရုံများ ပိတ်သိမ်းမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော
ရန်ကုန်သို့ ဝင်နေသည့် တရားမဝင် ကုန်ပစ္စည်းများ တိုင်းအစိုးရ ထိန်းချုပ်မည်ဟု ဆို