မြန်မာ့လူငယ် ၉၀ ရာခိုင်နှုန်းကျော်က မူးယစ်ဆေးပြဿနာနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်လျက် ရှိကြောင်း ဗြိတိသျှ ကောင်စီ က ပြုလုပ်သည့် စစ်တမ်း အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။
မူးယစ်ဆေးသုံးစွဲမှု ပြဿနာဖြေရှင်းရေးမှာ မြန်မာနိုင်ငံဖွံ့ဖြိုးရေး အတွက် အရေးကြီးသော ပြဿနာတရပ်ဟု အဆိုပါ လူငယ်များ က ယူဆလျက် ရှိကြောင်း အစီရင်ခံစာအရ သိရသည်။
မျိုးဆက်သစ် မြန်မာ (Next Generation Myanmar)ဟု အမည် ပေးထားသည့် အဆိုပါ အစီရင်ခံစာသည် မြန်မာနိုင်ငံ အတွင်းရှိ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် နေထိုင်သည့် လူငယ်ပေါင်း ၂၄၇၃ ဦးကို စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။
ဗြိတိသျှကောင်စီမှ စီမံကိန်းတာဝန်ခံ ဒေါ်မီမီမျိုးဝင်း က“မူးယစ်ဆေးနဲ့ ပတ်သက်ရင် လူငယ်တွေက တော်တော် စိုးရိမ်နေ ကြတယ်။ အခုဆို နယ်တွေမှာ အလှူတွေ ဘာတွေဆိုရင် သူတို့ ပျော်အောင် မူးယစ်ဆေးတွေ ဘာတွေပေးတယ် ဆိုတော့။ အဲဒါ တော်တော်လေး စိုးရိမ်နေရပြီ။ ကွမ်းယာဆိုင်မှာတောင် လွယ်လွယ်ကူကူ ရနေတယ်ဆိုတော့ လူငယ်တွေက သူတို့ ကိုယ်တိုင်တောင် စိတ်ပူလာကြတယ်”ဟု ပြောသည်။
Next Generation Myanmar သုတေသန အစီရင်ခံစာ ရလဒ် ထုတ်ပြန်ပွဲကို ဇွန်လ ၇ ရက်နေ့က ဗြိတိသျှ ကောင်စီတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“လူငယ်တွေရဲ့ မျှော်လင့်ချက်တွေ၊ လိုလားချက်တွေ အဲဒါတွေ အတွက်ကို လုပ်နေတာ။ အဲဒါတွေကို ရှာဖွေပြီးတော့မှ ရ လာတဲ့ လူငယ်တွေရဲ့ အတွေးအမြင်တွေကို Policy Maker တွေကို ပံ့ပိုးပေးဖို့ အတွက် ဒါမှ မူဝါဒတွေ ချတဲ့အခါ လူငယ် တွေက ဘာတွေ လိုအပ်တယ်ဆိုတာ သိဖို့ပါ”ဟု မမီမီမျိုးဝင်း က ပြောသည်။
လူငယ်အများစုသည် အလုပ်အကိုင် အခွင့်အလမ်းများနည်းပါးသဖြင့် အလုပ်အကိုင် မရှိသည့်အခါ မူးယစ်ဆေးထံ လည်း ကောင်း၊ မူးယစ်ဆေးနှင့် ဆက်စပ်သော ရာဇဝတ်မှုများထံ လည်းကောင်း ရောက်ရှိသွားသည်ဟု ယုံကြည်လျက် ရှိကြောင်း အဆိုပါ စစ်တမ်းတွင် လူငယ်များက ဖြေဆိုထားသည်ကို တွေ့ရသည်။
ထို့ပြင် မြန်မာနိုင်ငံ နယ်စပ်ဒေသတချို့တွင် မူးယစ်ဆေးသည် ငွေကြေးတခုကဲ့သို့ပင် ဖြစ်နေသည်ဟု အစီရင်ခံစာက ဖော်ပြ သည်။
ချင်းပြည်နယ် ပလက်ဝမှ စစ်တမ်းဖြေဆိုခဲ့သူ အသက် ၂၇ နှစ်အရွယ် အမျိုးသား တဦးက“ဒီမှာတော့ မူးယစ်ဆေး ပြဿနာ က ထိန်းမနိုင် သိမ်းမရပဲ။ အလှူအတန်းတွေမှာဆိုရင် ဝေယျာဝစ္စ ဝိုင်းလုပ်ပေးတဲ့ သူတွေကို လူတွေက လက်ဖက် ရည်တို့၊ အရက်တို့ တိုက်လေ့ ရှိခဲ့ကြဖူးတယ်။ အခုကျတော့ တယောက် မူးယစ်ဆေး ဆေးပြား ၂ ပြား ပေး ကုန်ကြပြီ။ ဒါက အစဉ် အလာ တခုတောင် ဖြစ်လာပြီဗျ။ အထူးသဖြင့် ပလက်ဝ တဝိုက်မှာပေါ့။ တချို့တွေဆို သူတို့ရဲ့ ပျံကျ လုပ်အားခ တစိတ် တပိုင်း အဖြစ် မူးယစ်ဆေးပါတဲ့ ဆေးပြားတွေပါ ပေးတာမျိုး လိုချင်တတ်ကြပြန်တယ်ဗျာ”ဟု ပြောပြသည်။
ယင်းစစ်တမ်းတွင် မူးယစ်ဆေး ပြဿနာရပ်အပြင် အလုပ်အကိုင် အခွင့်အလမ်း၊ ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးနှင့် လူမှု ကွန်ရက် စွဲလမ်းမှုများ အပါအဝင် အနာဂတ်ရေးရာများနှင့် ပတ်သက်၍လည်း ထည့်သွင်း ကောက်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။
You may also like these stories:
မူးယစ်ဆေး သံသရာထဲက ဘယ်လိုရုန်းထွက်ကြမလဲ
မူးယစ်ဆေး တပြားမိရုံနှင့် ထောင်ချခံရမှုများ အဖြေရှာရန် လိုအပ်ဟု ဆို
မူးယစ်ဆေးစွဲ လူငယ်များ ကုသရေးဌာန မွန် ခေါင်းဆောင်များ တည်ထောင်