ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် သလူချောင်း ကျေးရွာ အုပ်စု ဖက်ဝန်းချောင်း ကျေးရွာတွင် အုပ်ချုပ်ရေး တာဝန်ခံ တဦး မျှစ်ချိုးရန် သွားရောက်စဉ် မိုင်းနင်းမိသည့် အတွက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ မိုင်းနင်းမိသည့် ကျေးရွာအုပ်ချုပ်ရေး တာဝန်ခံမှာ အသက် ၃၉ နှစ် အရွယ် ဦးရဲထွန်း ဖြစ်ပြီး ဇွန်လ ၁၁ ရက်က ရွာ အနောက်ဘက် တောင်တန်းသို့ ဇနီးနှင့်အတူ မျှစ်ချိုးရန် သွားရောက်စဉ် မိုင်းနင်းမိခြင်း ဖြစ်ကြောင်း နယ်မြေခံ ကန်စောက် ရဲကင်း စခန်းမှ တာဝန်ကျ ရဲတပ်ကြပ် ကျော်ဌေး က ပြောပြသည်။
ရဲတပ်ကြပ် ကျော်ဌေးက“ကန်စောက်ရွာမှာ ကျောင်းတက်နေတဲ့ သူ့သမီးလေးဆီ ယူသွားဖို့ ရွာနားက တောင်မှာ လင်မယား နှစ်ယောက် မျှစ်သွားခူးကြတယ်လို့ ပြောတယ်။ တောင်ပေါ်တက်ပြီး မျှစ်ချိုးကြတဲ့အခါ နင်းမိသွားတာ”ဟု ပြောသည်။
ထိုသို့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဦးရဲထွန်း၏ ခြေထောက် နှစ်ဖက်နှင့် တင်ပါးတို့တွင် ဒဏ်ရာများ ရရှိခဲ့သည့် အတွက် ကျေးရွာသားများက တောထဲမှ သွားရောက် သယ်ဆောင်ခဲ့ပြီး လက်ရှိ အချိန်တွင် ကျောက်တော် ပြည်သူ့ ဆေးရုံ၌ ကုသမှု ခံယူ နေရကြောင်းလည်း ၎င်းက ဆိုသည်။
မိုင်းပေါက်ကွဲသည့် ရွာအနောက်ဘက် တောင်တန်းမှာ ရွာနှင့် တမိုင်ခန့် ဝေးကွာပြီး တပ်မတော်နှင့် ရက္ခိုင်စစ်တပ်(AA) တို့ ပြီးခဲ့သော မတ်လ အတွင်းက နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဖြစ်သွားခဲ့ကြောင်းလည်း သိရသည်။
ကျောက်တော် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်က မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒေသ ခံ ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိသည့် ဖြစ်စဉ်များမှာလည်း တဖြည်းဖြည်း များပြားလာသည့် အတွက် မိုင်းအန္တရာယ်နှင့် ပတ်သက်ပြီး အသိပညာပေးရန် လိုအပ်နေသလို တဖက်တွင်လည်း ဒေသခံ ကျေးရွာသားများ၏ဘဝလုံခြုံမှုရှိရေး နိုင်ငံတော် အစိုးရ အနေဖြင့် စဉ်းစားပေးရန် လိုကြောင်း ပြောသည်။
ဦးမောင်မောင်က“ကျနော်တို့ မြို့နယ်မှာ အခုဆိုရင် မိုင်းကြောင့် ထိခိုက်မှု ဖြစ်လာတွေ တဖြည်းဖြည်း များလာတယ်။ အန္တရာယ် ရှိတယ် ဆိုတာလည်း သိတယ်။ ဒါပေမယ့် ဝမ်းရေးအတွက် သွားပြီးတော့ ရှာဖွေ စားသောက် ကြရတာပဲ”ဟု လည်း ပြောဆိုသည်။
မေလ၂၄ ရက်ကလည်း ကျောက်တော် မြို့နယ် ချောင်းတူ ကျေးရွာသား တဦးဖြစ်သူ အသက် ၁၈ နှစ်အရွယ် ကိုကျော်နိုင်စိုး မှာ ရွာအနောက်ဘက် တောင်တန်းသို့ ဝါးခုတ်ရန် သွားစဉ် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာ များ ရရှိခဲ့သလို မေလ ၂၁ ရက်က ငှက်ပျောချောင်း ကျေးရွာသား၂ ဦး ဖြစ်သည့် ကိုနိုင်ဇော်ဦးနှင့် ကိုမောင်ပုတို့သည် လည်း အိမ်ဆောက်ရန် တိုင်လုံးများ သွားသယ်ယူရာတွင် မိုင်းနင်းမိ၍ ဒဏ်ရာများ ရရှိခဲ့ကြသည်။
ပြီးခဲ့သော မေလ ၈ ရက် ကလည်း ကျောက်တော်မြို့နယ် ခမောင်း ကျေးရွာတွင် နေထိုင်သည့် ကိုပန်းအောင်ချေ (၃၄) နှစ် မှာ ရွာ၏ အနောက်ဘက် တောင်တန်းသို့ ဝါးခုတ်ရန် သွားရောက်စဉ် မိုင်းနင်းမိ၍ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည့် အတွက် ကျောက်တော် ဆေးရုံမှနေ တဆင့် စစ်တွေသို့ တက်ရောက် ကုသခဲ့ရသည်။
You may also like these stories:
ကျောက်တော်ရှိ ရဲစခန်းတွင်း ပစ်ခတ်မှု ရဲအုပ် တဦး သေ၊ တဦး ဒဏ်ရာရ
ကျောက်တော်တွင် လက်နက်ကြီး ကျ၍ ရွာသား ၂ ဦး ဒဏ်ရာရ
ကျောက်တော်တွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦး အသတ်ခံရ