တရုတ်သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယားနိုင်ငံသို့ ယခုသီတင်းပတ် ကြာသပတေးနေ့မှ စ၍ နှစ်ရက်ကြာ သွား ရောက်မည်ဟု တရုတ်အစိုးရမီဒီယာက ထုတ်ပြန်သည်။
အဆိုပါ ခရီးစဉ်သည် ဆယ်စုနှစ် တခုအတွင်း တရုတ်ခေါင်းဆောင် တဦး၏ ပထမဆုံးခရီးစဉ်ဖြစ်မည်ဟု ဆိုသည်။
တရုတ်သမ္မတတဦးအနေဖြင့်မူ သမ္မတ ဟူကျင်းတောင်က ၂၀၀၅ ခုနှစ်တွင် မြောက်ကိုရီးယားသို့ နောက်ဆုံးသွား ရောက်ခဲ့ပြီး၊ ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည်လည်း ၂၀၀၉ ခုနှစ်က လက်ရှိ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း၏ ဖခင် ကင်မ်ဂျုံအီနှင့် တွေ့ဆုံဆွေးနွေးရန် ပြုံယမ်းသို့ ရောက်ရှိခဲ့ဖူးသည်။
မြောက်ကိုရီးယား၏နျူးကလီးယားကင်းစင်ရေးဆွေးနွေးမှုအပေါ် အမေရိကန်နှင့် အငြင်းပွားနေဆဲအတွင်း ယခုကဲ့သို့ ရှီကျင့်ဖျင်၏ခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ယခုနိုင်ငံတော်ခရီးစဉ်သည် ကင်မ်ဂျုံအန်း၏ဖိတ်ကြားကမ်းလှမ်းချက်အရ ဖြစ်ကြောင်း ဆင်ဟွာသတင်းက ဆိုသည်။
တရုတ်သမ္မတ ရှီကျင်ဖျင်သည် ရုရှား၊ မြောက်ကိုရီးယားတို့နှင့် ပိုမိုနီးကပ်စွာ ဆက်ဆံလာရာ မကြာသေးမီက သူ၏ ၆၆နှစ်ပြည့် မွေးနေ့ပွဲကို ရုရှားသမ္မတ ပူတင်နှင့် အတူ ကျင်းပခဲ့သည်။