ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သရေခေတ္တရာ ရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်းရှိ နှစ်ပေါင်း ၂၀၀၀ ခန့် သက်တမ်းရှိ အတွင်း နန်းမြို့ရိုး သံပန္နက်တိုင်များ ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းက ဖျက်ဆီးခံလိုက်ရကြောင်း ရှေးဟောင်း သုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန သရေခေတ္တရာဌာနစု လက်ထောက်ညွန်ကြားရေးမှူး ဦးစိုးမင်းထံမှ သိရသည်။
မှော်ဇာကျေးရွာအနီး မှော်ဇာပြတိုက် အနောက်ဘက်ရှိ အတွင်း နန်းမြို့ရိုး အနောက်တောင် ထောင့်ရှိ အရှည် ၃ ပေ ခွဲခန့်ရှိ သံပန္နက်တိုင် ၂ တိုင်အား ဖျက်ဆီးခံရခြင်းဖြစ်သည်။
“ညအချိန်မှာ ဖျက်ဆီးသွားတယ်လို့ ယူဆရပါတယ်။ (ယနေ့နံနက်) ၉ နာရီလောက်မှာ တချောင်းကတော့ ပြတ် သွားတယ်၊ တချောင်းကတော့ နှုတ်ယူဖို့ ကြိုးစားထားတာ နှုတ်ယူလို့ မရတဲ့အခါ ထားပစ်ခဲ့တယ်၊ ပြတ်သွားတဲ့ အချောင်းရဲ့ အပိုင်းကတော့ ယူသွားတယ်လို့ ယူဆရပါတယ်။ ပြတ်သွားတဲ့ အပိုင်းကိုလည်း ရှာလို့ မတွေ့ပါဘူး။ တပေကျော်ကျော်လောက်ပြတ်သွားပါတယ်” ဟု ဦးစိုးမင်းက ပြောသည်။
အဆိုပါဖျက်ဆီးခံရသည့် သံပန္နက်တိုင်များအား အများပြည်သူ လာရောက် လေ့လာနိုင်ရန် တူးဖေါ် တွေ့ရှိသည့် နေရာမှာပင် ပြသ ထားခြင်းဖြစ်ပြီး ယဉ်ကျေးမှု အမွေအနှစ် တန်ဖိုးအရ တန်းဖိုး မဖြတ်နိုင်သည့် အမွေအနှစ်ပစ္စည်း ဖြစ်ကြောင်း လည်း ဆက်ပြောသည်။
“ပျူခေတ်တုန်းက နန်းတော်ရာ ဆောက်တဲ့ အချိန်မှာ သုံးခဲ့တဲ့ သံပန္နက်တိုင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက် က မြန်မာနိုင်ငံမှာ နေခဲ့တဲ့ ပျူလူမျိုးတွေရဲ့ နည်းပညာတွေ သုံးပြီး ထားခဲ့တဲ့ သံပန္နက်တိုင်တွေပါ။ ယဉ်ကျေးမှု အမွေအနှစ် အနေနဲ့ တန်ဖိုးဖြတ်လို့ တောင်မရပါဘူး။ တူးဖေါ်ရတဲ့ နေရာမှာပဲ အများပြည်သူလေ့လာနိုင်အောင် ဆိုက် မြူဇီယံ အနေနဲ့ ထားပေးထားတာ ဖြစ်ပါတယ်။” ဟု ဦးစိုးမင်းကဆက်ပြောသည်။
ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ကျူးလွန်သူများအား စုံစမ်းဖေါ်ထုတ်ပေးရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန သရေခေတ္တရာ ဌာနစုမှ ပြည်မြို့နယ် အမှတ် ၃ နယ်မြေခံရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထား ကြောင်း သိရသည်။
လာမည့် ဇွန်လ ၂၂ ရက်နေ့သည် သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းစသည့် ပျူမြို့ဟောင်းများအား ကမ္ဘာ့ အမွေအနှစ် အဖြစ် ယူနက်စကိုမှ အသိအမှတ်ပြုခဲ့သည့် ၅ နှစ်ပြည့်နေ့ဖြစ်ပြီး၊ သရေခေတ္တရာဟောင်းဇုန်အတွင်း ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ ဖျက်ဆီးခံရခြင်းမှာ ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ဘောဘောကြီးဘုရားအနီးရှိ လေး မျက်နှာဘုရားကိုလည်း ဇန်နဝါရီလ ၁၆ ရက်နေ့ ဖျက်ဆီးခံခဲ့ရသည်။
ဆက်စပ်ဖတ်ရှု့ရန်
သရေခေတ္တရာ ပျူမြို့ဟောင်းမှ လေးမျက်နှာဘုရား ဖောက်ထွင်းခံရ
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းဇုံက သတိပေးဆိုင်းဘုတ်များ ဖျက်ဆီးခံရ
ပြည်မြို့သို့ လာရောက်သည့် နိုင်ငံခြားသားခရီးသွား များပြားလာ