အစိုးရ ဌာနတချို့ အဂတိ လိုက်စားမှု ပယ်ဖျောက်နိုင်ခြင်း မရှိဟု မွန် ဝန်ကြီးချုပ် ပြော
ပြည်သူများ ပေးပို့သော သတင်းများနှင့် တိုင်ကြားစာများ အရ ယနေ့ အချိန်အထိ တချို့သော ဌာနများသည် အဂတိ လိုက် စားမှု ပယ်ဖျောက်နိုင်ခြင်း မရှိသည်ကို ကြားသိနေရကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။
ဇွန်၂၄ ရက်က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ် ခန်းမတွင် မွန်ပြည်နယ် အစိုးရ အဖွဲ့၊ မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) တို့ ပူးပေါင်း ကျင်းပသည့် အဂတိ လိုက်စားမှု တားဆီး ကာကွယ်ရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အဖွင့် အမှာစကားတွင် ဒေါက်တာ အေးဇံက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့်လည်း ပြည်သူလူထု အားကိုး ယုံကြည်ရသည့် ဝန်ထမ်းကောင်းများ ဖြစ်လာ စေရန် အဂတိ လိုက်စားမှု ပပျောက်ရေး အတွက် မိမိတို့ အတ္တများကို ရှေ့တန်းမတင်ဘဲ တရားသဖြင့် တည်ဆဲ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ ဖြောင့်မတ် မှန်ကန်စွာ ဆောင်ရွက်ကြရန်နှင့် အဂတိ ၄ ပါးကို လုံးဝ ရှောင်ကြဉ်ကြရန် လိုကြောင်း ၎င်းက ဆိုသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄ (ခ) နှင့် ၄ (ဂ) တို့တွင် ကော်မရှင်အား သန့်ရှင်းသော အစိုးရနှင့် ကောင်း မွန်သော အုပ်ချုပ်ရေး စနစ် ဖြစ်ထွန်းလာစေရန် အများပြည်သူ ဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မား တိုးတက်စေရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်ကြောင်း အဂတိ လိုက်စားမှု တိုက် ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောဆိုခဲ့သည်။
တာဝန်ယူမှု ရှိခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်းနှင့် တုံ့ပြန်ဖြေကြားရခြင်း တို့သည် တဆက်တည်း ရှိနေကြသော ကောင်းမွန် သော အုပ်ချုပ်ရေးစနစ်၏ အင်္ဂါရပ်များ ဖြစ်သည့် အပြင် ယင်းအချက်များသည် နိုင်ငံ တနိုင်ငံ၏ ဒီမိုကရေစီ ရေချိန်ကို မြှင့် တင်ပေးနိုင်သော တနည်းအားဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အောင်မြင်ချောမွေ့စေရေး အတွက် ထမ်း ရွက်ပေးနိုင်သော ဝန်ရိုးတစုံ ဖြစ်နေကြောင်းလည်း ဦးအောင်ကြည်က ပြောဆိုသည်။
မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က“ကျနော်တို့ အစိုးရ သက်တမ်းမှာ သူတို့ (ဌာနဆိုင်ရာ) ကို စိတ်ဓာတ်ရေးရာပိုင်းကို စည်းရုံးရေးနဲ့ လုပ်နေတာပေါ့။ ဒီနေ့ တက်လာတဲ့ လူတွေ အားလုံးကတော့ ဒါ အာဏာကိုင်ဆွဲပြီးတော့ လုပ်နေရတဲ့သူတွေ အများစုပဲ၊ အဲဒီတော့ သူတို့နားလည်အောင်၊ သူတို့ လိုက်နာအောင် ဒါ ကျနော်တို့က တဆင့်ပြီးတဆင့် သွားနေရတယ်။ ဒါတွေမှ မရရင် ကျနော်ထင်တယ်။ အရေးယူမှုတွေနဲ့ တွဲပြီးလုပ်မှပဲ ဒီအဂတိ လိုက်စားမှုဟာ ကျနော်တို့ တိုင်းပြည်မှာ တဖြည်းဖြည်းနဲ့ ပျောက်မှာဖြစ်ပါတယ်”ဟု ပြောဆိုသည်။
အစိုးရ ဌာန၊ အစိုးရ အဖွဲ့အစည်းများ အနေဖြင့် ပြည်သူ့ ဘဏ္ဍာငွေများ ဆုံးရှုံးမှုကို ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန် ယူမှုတို့ဖြင့် လျှော့ချနိုင်ရန်၊ အဂတိ လိုက်စားမှု သိသာ ထင်ရှားစွာ ကျဆင်းသွားရန်နှင့် ကောင်းမွန်သော စီမံ အုပ်ချုပ်မှု ဆိုင်ရာ အညွှန်းကိန်းများ သိသာ ထင်ရှားစွာ အဆင့် တိုးတက်လာစေရန် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဒေါက်တာ အေးဇံက ပြောကြားခဲ့သည်။
“တရားနည်းလမ်း အတိုင်း မဆောင်ရွက် မပြုလုပ်ဘဲ ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း၊ မသိခြင်းတို့ကြောင့် ဘက်လိုက် ဆောင်ရွက်မိလျှင် အဂတိလိုက်သည်ဟု ဆိုရပေသည်”ဟု ၎င်းက ပြောဆိုသွားသည်။
ယင်း အခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့၊ ပြည်နယ် လွှတ်တော် အဖွဲ့၊ ဌာနဆိုင်ရာများ၊ ကုလသမဂ္ဂဖွဲ့ဖြိုးမှု အစီအစဉ် (UNDP) မှ တာဝန်ရှိသူများ၊ လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ စီးပွားရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သတင်း မီဒီယာများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်များ စုစုပေါင်း ၅ဝဝ ကျော် တက်ရောက်သည်ကို တွေ့ရသည်။
You May Also Like These Stories: