ထွက်ပြေး တိမ်းရှောင်နေသည့် ဦးဝိစိတ္တာ ဘိဝံသ(ခ) ဦးဝီရသူအား တရားစွဲဆိုထားမှုတွင် တရားလိုပြ သက်သေများကို ဇွန် ၂၅ ရက် ရုံးချိန်းတွင် အနောက်ပိုင်းခရိုင် တရားရုံး၌ စတင် စစ်ဆေးသည်။
တရားလို တင်ပြထားသည့် သက်သေ ၉ ဦး အနက် ယနေ့တွင် ကျောက်တံတားမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲ အုပ် သီဟလှိုင်၊ ကျောက်တံတား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ဦးဝေမင်းဖြိုးနှင့် မြို့တော် ခန်းမ အတွင်း ရုံးစိုက်သည့် စည်ပင်သာယာ ရဲတပ်ဖွဲ့မှ ရဲအုပ် ဇော်နိုင်အောင်တို့အား စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
တရားခွင် အတွင်း ရဲအုပ် ဇော်နိုင်အောင်က မေလ ၅ ရက်က မြို့တော်ခန်းမရှေ့တွင် ဦးဝီရသူ ပါဝင် ဟောပြောခဲ့သည့် ဆန္ဒ ထုတ်ဖော်ပွဲ CCTV မှတ်တမ်းနှင့် မှတ်တမ်းမှ ထုတ်ယူထားသည့် ဓာတ်ပုံများအား သက်သေခံ အဖြစ် တင်ပြမှုကို တ ရားရုံးက လက်ခံခဲ့သည်။
ဦးဝီရသူ အမှုအား မျက်ကွယ် စစ်ဆေးနေခြင်း ဖြစ်ပြီး အမှု ဆက်လက် စစ်ဆေးရန် ရုံးချိန်းကို ဇူလှိုင်လ၂ ရက်သို့ ပြန်လည် ချိန်းဆိုထားကာ တရားလိုပြ သက်သေများအား ထပ်မံ စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
ဦးဝီရသူ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ တာဝန်ရှိသူများအား ပုတ်ခတ် ဟောပြောမှုကြောင့် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် အနောက်ပိုင်းခရိုင် ဒု အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားလို ပြု လုပ်ကာ တရားရုံး ဦးတိုက် လျှောက်ထားခြင်း ဖြစ်သည်။
ယင်းသို့ ဦးဝီရသူအား တရားစွဲ အရေးယူ ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်းလည်း ဦးစန်းမင်းက တရားခွင်၌ ထွက်ဆိုခဲ့သည်။
တရာားရုံး အနေဖြင့် ဦးဝီရသူအား ဖမ်းမိရေး အတွက် ဖမ်းဝရမ်း၂ ကြိမ် ထုတ်ခဲ့သော်လည်း ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ဘဲ ထွက်ပြေး တိမ်းရှောင်လျက် ရှိသည်။