မြန်မာနိုင်ငံမှ ထွက်ရှိသော စိုက်ပျိုးရေး ထုတ်ကုန်များကို အခြေခံကာ တန်ဖိုးမြှင့် လယ်ယာ စိုက်ပျိုးရေး စားသောက်ကုန် များ အဓိက ထုတ်လုပ်မည့် စက်မှုဇုန် တခုကို ရန်ကုန်၌ အကောင်အထည် ဖော်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်မှုဇုန်ကို ဂျပန်နိုင်ငံအခြေစိုက် JFE Enginnering ကော်ပိုရေးရှင်းနှင့် ပြည်တွင်းရှိ ဒဂုံ အင်တာနေရှင်နယ် ကုမ္ပဏီတို့ အကောင်အထည် ဖော်ဆောင်မည် ဖြစ်ကာ ဇွန်လ ၂၅ ရက်၌ နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့ကြသည်။
အဆိုပါ စက်မှုဇုန်ကို ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ကုမ္ပဏီပိုင် မြေဧက ၅၀၀ ပေါ်တွင် ဖော်ဆောင်မည့် ယင်းစီမံ ကိန်း အတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ အထိ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ဒဂုံ အင်တာနေရှင်နယ် ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ဦးသူရိန်အောင် က ဧရာဝတီသို့ ပြောသည်။
ဦးသူရိန်အောင်က “အခုက ကျနော်တို့ နိုင်ငံက စိုက်ပျိုးရေး လုပ်ငန်းအဓိက လုပ်တဲ့ နိုင်ငံ ဖြစ်ပေမယ့် ဒီအတိုင်းပဲ Value Added (တန်ဖိုးမြှင့် ထုတ်ကုန်) မလုပ်ဘဲ နိုင်ငံတကာကို ပို့နေရတာ ဟိုဘက်ကမှ ပြန်ပြုပြင်ပြီးတော့ ဒီဘက်ကို ပြန်ပို့နေ ကြတာ။ တကယ်လို့ စက်ရုံတွေကို ဒီကို ဖိတ်ခေါ်နိုင်မယ် ဆိုရင် ကျနော်တို့ရဲ့ စိုက်ပျိုးရေး ထွက်ကုန်(ကုန်ကြမ်း)တွေကို ဒီနိုင်ငံမှာပဲ တန်ဖိုးမြှင့်ပြီး စားသုံးသူ လက်ထဲကို ပြန်ဖြန့်နိုင်တဲ့ အနေအထား ဖြစ်အောင် လုပ်မှာပေါ့” ဟု ဆိုသည်။
၎င်းက ဆက်လက်၍ “ဒီစက်မှုဇုန်ကနေ သီလဝါ အထူး စီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံနေတဲ့ စက်ရုံကြီးတွေ အတွက်လည်း ကုန်ကြမ်း ထုတ်လုပ်ပေးတဲ့ စက်မှုဇုန် တခု အနေနဲ့လည်း ဖြစ်လာမှာပါ” ဟု ပြောဆိုသည်။
အော်ဂဲနစ် သီးနှံများ စိုက်ပျိုး ထုတ်လုပ် ရောင်းချနေသော Organic Valley ကုမ္ပဏီ၏ တည်ထောင်သူ ဒေါ်ကြေးမုံလွင်က “ဒီလိုမျိုးတွေ ရှိလာတာတော့ ကောင်းပါတယ်။ ကျမတို့ဆီက သီးနှံတွေက ပိုလျှံရင် သိုလှောင်ဖို့ အခက်အခဲတွေ ရှိတယ်။ အဲဒါတွေကို တန်ဖိုးမြှင့် ထုတ်ကုန် အဖြစ် ပြန်ပြောင်းနိုင်မယ့် အခွင့်အရေးပေါ့။ ကျမကိုယ်တိုင်လည်း အဲဒီ လုပ်ငန်းအဆင့် အထိ သွားနိုင်အောင် လုပ်ဆောင်နေတယ်” ဟု ဆိုသည်။
ယင်းစက်မှုဇုန်တွင် စက်ရုံ အလုပ်ရုံများ အပြင် ပြပွဲ ခန်းမများ၊ အသေးစား၊ အလတ်စား လုပ်ငန်းများ အတွက် အလုပ်ရုံ များ၊ သုတေသန စမ်းသပ်ခန်းများ၊ Whole Sale Market ၊ ထုတ်ကုန် ပစ္စည်းများ ရောင်းချမည့် ဆိုင်ခန်းများ၊ လူနေအိမ် အဆောက်အအုံများနှင့် ပန်းခြံများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
You may also like these stories:
လေထုညစ်ညမ်းစေသည့် စက်ရုံများ ပိတ်သိမ်းမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော
ထန်းတပင် စက်မှုဇုန်တွင် ပြည်ပမှ ဒေါ်လာ သန်း ၅၀၀ ကျော် ရင်းနှီး မြှုပ်နှံမည်
ဒလစက်မှုဇုန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
ဘားအံစက်မှုဇုန် မြေဖိုး ကရင်ပြည်နယ် အစိုးရ အကြွေးတင်နေ