သတင်းတို

NLD အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်း အူလမ်းကြောင်း သွေးယို၍ ဆေးရုံတင်ထားရ

မွန်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ ပြုလုပ်ရန် ရောက်ရှိနေသော NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းသည် ယမန်နေ့က အစာအိမ် အူလမ်းကြောင်း သွေးယို သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း သိရှိရသည်။

ဦးဉာဏ်ဝင်းသည် ချောင်းဆုံမြို့နယ်ရှိ NLD ပါတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းနားသို့ တက်ရောက်ပြီး နောက် အစာအိမ် သွေးယိုသဖြင့် ကျိုက်မရောမြို့နယ် NLD ပါတီဝင်များနှင့် တွေ့ဆုံမည့် တွေ့ဆုံပွဲသို့ မတက်ရောက် နိုင်ခဲ့ကြောင်း ကျိုက်မရောမြို့နယ် NLD ပါတီမှ ကိုထွန်းဦးက ပြောသည်။

မော်လမြိုင်မြို့တွင် ယနေ့ကျင်းပသည့် မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ NLD ပါတီဝင်များနှင့် တွေ့ဆုံသော အခမ်းအနားသို့ လည်း ဦးဉာဏ်ဝင်း တက်ရောက်ရန် စီစဉ်ထားသော်လည်း ၎င်း၏ ကျန်းမာရေး အခြေအနေအရ မတက်ရောက်နိုင် ရခြင်းဖြစ်ကြောင်းကို ပါတီဝင်များအား မွန်ပြည်နယ် NLD ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က အခမ်းအနား၌ ပြောဆိုခဲ့ သည်။

ယင်း အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကလည်း “သူ (ဦးဉာဏ်ဝင်း) က အသက်အရွယ် လည်း ကြီးလာတော့ ပြောရမယ် ဆိုလို့ရှိရင် သွေးကျဲဆေးသောက်ရတယ်၊ သွေးကျဲဆေးက တခါတလေကျရင် သွေးနည်းနည်းယိုတာလေးတွေ ဖြစ်တယ်၊ အဲ့ဒါကြောင့်မို့ အူအတွင်း သွေးယိုမှုတစ်ခုကြောင့် အခမ်းနားကို မတက်နိုင် တာ”ဟု ဆိုသည်။

ဦးဉာဏ်ဝင်းသည် ဇွန် ၂၆ ရက် ည ၁၁ နာရီခန့်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံ တက်ရောက် ဆေးကုသခံယူ လျှက်ရှိကြောင်း လမ်းမတော် NLD ပြန်ကြားရေးက သတင်းထုတ်ပြန်ခဲ့သည်။

ကိုထွန်းဦးက “မော်လမြိုင်ဆေးရုံကနေ ညတွင်းချင်းပဲ ရန်ကုန်ပြန်ခေါ်သွားတယ်၊ အခုတော့ ကျန်းမာရေးအခြေအနေ သက်သာတယ်ပြောတယ်၊ မနက်ဖြန်ဆေးရုံကဆင်းမယ်လို့ ပြောတယ်”ဟု ဆိုသည်။

You may also like these stories:

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးဝင်းခိုင် ကျန်းမာရေး မကောင်းသဖြင့် အနားယူနေရ

ဦးရဲမင်းဦးကို နေပြည်တော် စည်ပင် ဒုမြို့တော်ဝန်ခန့်အပ်

ဝန်ကြီးဌာနသစ် တိုးချဲ့ဖွဲ့စည်းရန် သမ္မတ အဆိုပြုမှု ရခိုင် လွှတ်တော် သဘောမတူ

ဦးခင်လှိုင် တိုင်ကြားစာ စည်ပင် ရွေးကောက်ပွဲ ကော်မရှင် ပယ်ချ

Loading