စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ်ရှိ နမ့်ပင ချောင်းရှိ အသေးစား ရေအားလျှပ်စစ် စီမံကိန်းကို စတင် အကောင် အထည် ဖော်နေပြီဖြစ်ကာ ၂၀၂၀ တွင် အပြီးသတ်မည် ဖြစ်ကြောင်း တိုင်း အစိုးရအဖွဲ့က သိရသည်။
အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကို ကျပ်ငွေ ၂၄ ဘီလီယံ အကုန်အကျခံကာ တည်ဆောက်နေပြီ ဖြစ်ကြောင်း စစ်ကိုင်း တိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောသည်။
၎င်းက“နမ့်ပင ချောင်း ရေအား လျှပ်စစ် စီမံကိန်းကို စပြီး အကောင်အထည်ဖော်နေပါပြီ။ ဒီစီမံကိန်း စနိုင်ဖို့ လုပ်ဆောင်နေ တာ တနှစ်ကျော်လောက်တော့ ရှိပြီ။ စူးစမ်းလေ့လာထားတဲ့ အစီရင်ခံစာအရ လျှပ်စစ်ဓာတ်အားက ၂ မဂ္ဂါဝပ်လောက် ရရှိ မှာ ဖြစ်ပါတယ်။ နောက် တဆင့် ထပ်ပြီးတော့ လုပ်မယ်ဆိုရင် ပိုပြီးတော့ ထွက်ရှိလာနိုင်မှာ ဖြစ်ပါတယ်။ Dam ကိုဆောင် ရွက်တဲ့အခါ သဘာဝပတ်ဝန်းကျင် အပိုင်းကိုလည်း ထည့်သွင်း စဉ်းစားထားပါတယ်”ဟုလည်း ပြောဆိုသည်။
နမ့်ပငချောင်း အသေးစား ရေအားလျှပ်စစ် စီမံကိန်းအတွက် လက်ရှိဘဏ္ဍာနှစ် အတွင်း၌ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဘတ်ဂျက်မှ ကျပ် ၆ ဘီလီယံ ရရှိထားပြီး စီမံကိန်းလုပ်ဆောင်နိုင်ရန် အတွက် စူးစမ်းလေ့လာ တိုင်းတာခြင်း၊ ဒီဇိုင်း နှင့် ပုံထုတ်ခြင်း လုပ်ငန်းများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အတွင်း စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ စီမံကိန်း ဆောင်ရွက်နိုင်ရန် အတွက် စူးစမ်းလေ့လာမှု အစီရင်ခံစာ တင်ပြပြီးဖြစ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း စီမံကိန်း လုပ်ငန်းများ အပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ဦးသန်းညွန့်ဝင်းက“စီမံကိန်း စူးစမ်းလေ့လာမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို အရင်လုပ်ဆောင်ပြီးမှ ပြည်ထောင်စုက ခွင့်ပြုပေးခဲ့တာပါ။ အခု တည်ဆောက်ရေး လုပ်ငန်းတွေ ပြီးသွားရင် ဟုမ္မလင်းနဲ့ အနီးဝန်းကျင် ကျေးရွာတွေ လျှပ်စစ်မီး ရရှိကြမှာဖြစ်ပါတယ်”ဟု ဆက်လက် ပြောသည်။
နမ့်ပငချောင်း အသေးစား ရေအားလျှပ်စစ် စီမံကိန်းဆောင်ရွက်ရန် အတွက် စူးစမ်းလေ့လာတိုင်းတာခြင်း၊ ဒီဇိုင်းနှင့် ပုံထုတ် ခြင်း လုပ်ငန်းများ အတွက် ငွေကျပ် ၃၄၇ ဒသမ ၅၀၄ သန်း ကုန်ကျခဲ့ကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန်
နမ့်ပငချောင်း ရေအားလျှပ်စစ်စီမံကိန်း စတင်တော့မည်