ရန်ကုန်တိုင်းဒေသကြီးတွင် အသစ်ဖွဲ့စည်းသည့် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဌာနတွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် မရမ်းကုန်း မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်အား ယနေ့ ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှ အတည်ပြလိုက်သည်။
နဝမမြောက် ပုံမှန်ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ယင်းဝန်ကြီးဌာနသစ် ဝန်ကြီးအဖြစ် ဒေါ်မိုးမိုးစုကြည်အား ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ပဲ ဝန်ကြီးအဖြစ် အတည်ပြု ပြီးပါပြီ။ သမ္မတရဲ့ ပြန်တမ်း မထွက်လာသေးလို့ စောင့်နေတာပါ” ဟု
မရမ်းကုန်း မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်က ဧရာဝတီသို့ အတည်ပြုပြောကြားသည်။
ဒေါ်မိုးမိုးစုကြည်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကတိကဝတ် အာမခံချက်များနှင့်လွှတ်တော်အခွင့်အရေးကော်မတီ၏ အတွင်းရေးမှူးလည်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဝန်ကြီးဌာနသစ်တွင် တာဝန်ယူရန် ခန့်အပ်ခြင်းနှင့် ပတ်သက်၍ ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက “ဒါက ရိုးရိုးဝန်ကြီးဌာနမဟုတ်ဘူး။ ဒါက ဌာနအသစ်ဖြစ်တဲ့အတွက် စိန်ခေါ်မှုကတော့ အရမ်းကြီးတယ်” ဟု ပြောသည်။
အဆိုပါ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအသစ်သည် နိုင်ငံသားဖြစ်ပြီး နိုင်ငံ သားအထောက်အထားမရှိသည့်ကိစ္စ၊ ကျောင်းသူ ကျောင်းသားများ သက်ပြည့် မှတ်ပုံတင် လဲလှယ်ခြင်းနှင့် လူဦးရေ စာရင်းကောက်ပြီး မဲစာရင်းထုတ်ရမည့်ကိစ္စ စသည့် လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်သည်။
လူ့စွမ်းအား အရင်းအမြစ် ဖြစ်သည့် အတွက် အလုပ်သမားသင်တန်းကျောင်းများ၊သင်တန်းသားများ၏ စွမ်းရည်မြင့်တက်ရန်၊ နိုင်ငံရပ်ခြားကို စေလွှတ်မည့် အလုပ်သမားရှာဖွေရေးစသည့် လုပ်ငန်းများကိုလည်း ပူးတွဲ လုပ်ဆောင်ရဖွယ်ရှိကြောင်း သိရသည်။