မွန်ပြည်နယ် အစိုးရ အဖွဲ့တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန တခု တိုးချဲ့ဖွဲ့စည်းရန် ယနေ့ ကျင်းပသော ဒုတိယ အကြိမ် ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး၌ အတည်ပြုလိုက်သည်။
သမ္မတရုံးက ဇွန် ၁၉ ရက်နေ့ ရက်စွဲပါ စာအမှတ်ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ အသီးသီးတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန တခု တိုးချဲ့ဖွဲ့စည်းလိုသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ရန် သမ္မတက သဝဏ်လွှာ ပေးပို့ခဲ့ ကြောင်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက လွှတ်တော် အစည်းအဝေးတွင် ပြောဆိုသည်။
ထို့ကြောင့် မွန်ပြည်နယ် အစိုးရအဖွဲ့ လက်အောက်ရှိ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန် ကြီးဌာနကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အဖြစ် ပြင်ဆင် ဖွဲ့စည်းလိုကြောင်း သဝဏ်လွှာကို နိုင်ငံတော် သမ္မတ က ပေးပို့လာမှုကိုလည်း လွှတ်တော် အစည်းအဝေး၌ ကိုယ်စားလှယ်များက သဘောတူကြောင်း အတည် ပြုခဲ့သည်။
မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဝဏ္ဏကျော်က“အခု ပြည်နယ်နဲ့ တိုင်း ၁၄ ခုမှာ လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဆိုပြီးတော့ တိုးချဲ့ ဖွဲ့လိုက်တာပေါ့။ အဲဒီအခါ မွန်ပြည်နယ်မှာရှိတဲ့ စီမံဘဏ္ဍာနဲ့ လဝ က ဝန်ကြီးဌာန ကနေ လဝက ဝန်ကြီးဌာနကို ပြန်လည် ထုတ်နုတ်ပြီးတော့ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ် ဝန်ကြီးဌာနကို အသစ် တိုးချဲ့ဖွဲ့စည်းလိုက်တယ်”ဟု ပြောသည်။
မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က“အဓိက ဒီ အစိုးရက ဘာလုပ်ချင်လဲဆိုတော့ အလုပ်ကိုင်အခွင့်လမ်းတွေ ဖန်တီးပေးချင်တာ။ နောက်ပြီး တကယ် နိုင်ငံသား ဖြစ်ခွင့် ရှိတဲ့ လူတွေကိုလည်း မြန်မြန် ဖြစ်ခွင့်ရအောင် အဲဒါတွေကို ဆောင်ရွက်ပေးချင်တာလို့ ထင်ပါတယ်”ဟု ပြောဆိုသည်။
ကချင်၊ ချင်း ပြည်နယ်နှင့် ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးများ၏ အစိုးရအဖွဲ့များတွင် လူဝင်မှု ကြီးကြပ် ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန တခုကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးများကို ခန့်အပ် တာဝန်ပေး ထားပြီး ဖြစ်ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်များ အရ သိရသည်။
You may also like these stories:
ရန်ကုန်တိုင်း လူဝင်မှုနှင့် လူ့စွမ်းအား ဝန်ကြီးသစ် အဖြစ် ဒေါ်မိုးမိုးစုကြည်ကို အတည်ပြု
ဝန်ကြီးဌာနသစ် တိုးချဲ့ဖွဲ့စည်းရန် သမ္မတ အဆိုပြုမှု ရခိုင် လွှတ်တော် သဘောမတူ
မွန်ပြည်နယ်ရှိ စည်ပင်ဈေးများ တင်ဒါ မခေါ်ဘဲ ဆောက်လုပ်သွားမည် ဟုဆို