နေပြည်တော်ကောင်စီနယ်မြေရှိ Wisdom Hill ပုဂ္ဂလိကကျောင်းမှ ကျောင်းသူ ကလေးငယ် လိင်အကြမ်း ဖက်ခံရမှု အပေါ် တရားမျှတမှု ရရှိစေရေး အတွက် ပြည်သူများက ဆန္ဒထုတ်ဖော်မှုတရပ်ကို လာမည့် ဇူလိုင် ၆ ရက်နေ့ ရန်ကုန်မြို့တွင် ပြုလုပ်မည်ဟု သိရသည်။
ဆန္ဒပြပွဲ၏ စုရပ်ကို ကျောက်တော်ကြီးဘုရားအနီးတွင် သတ်မှတ်ထားပြီး ထိုနေရာမှတဆင့် အင်းစိန်မြို့နယ်ရှိ စီအိုင်ဒီရုံးသို့ ချီတက်မည်ဖြစ်သည်။
ယခု ဆန္ဒထုတ်ဖော်မှုသည် မည်သည့်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုဘဲ မိမိဆန္ဒအလျောက် ပြုလုပ်ခြင်းဖြစ်ကြောင်း စီစဉ်သူများက ပြောသည်။
ဆန္ဒထုတ်ဖော်ရာတွင် ဗစ်တိုးရီးယားအတွက် တရားမျှတမှုကို ရှာဖွေပေးပါ၊ ကလေးသူငယ်များအတွက် လွတ်လပ်လုံခြုံတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ နှင့် နောက်ထပ် ဗစ်တိုးရီးယားများ အလိုမရှိပါ ဟူသော ဆောင်ပုဒ်များ ကိုင်ဆောင်မည်ဟု သိရသည်။
“အဓိက ကတော့ တရားမျှတမှု ရရှိရေးနဲ့ တရားဥပဒေ စိုးမိုးရေး အတွက်ပါ။ ကျနော်တို့မှာလည်း သားသမီးရှိပါတယ်။ အခုက ကျောင်းတွေ မပို့ရဲဖြစ်နေရတယ်။ ကျောင်းဆိုတာမျိုးက လွတ်လပ်မှု၊ လုံခြုံမှု ရှိနေရမှာလေ” ဟု ဆန္ဒပြပွဲကို တာဝန်ယူ စီစဉ်သူ တဦး ဖြစ်သည့် ကိုကြည်မင်းဟန်က ဧရာဝတီသို့ ပြောသည်။
အဓိကရည်ရွယ်ချက်မှာ ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရှိရေး၊ လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးရေး၊ နောက်ထပ်ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်စေရေးနှင့် မျိုးဆက်အတွက် လွတ်လပ်လုံခြုံသော အဖွဲ့အစည်းတခု ဖန်တီးနိူင်ရေး ဖြစ်ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်မှုပြုလုပ်ရန် သက်ဆိုင်ရာ ရဲစခန်းသို့ ခွင့်ပြုမိန့်တင်ပြရန် စီစဉ်နေကြောင်း၊ ခွင့်ပြုမိန့်မရရှိပါက အခြားနည်းလမ်းတမျိုးဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
လိင်အကြမ်းဖက်ခံသူ ကလေးငယ်၏ အမှုနှင့် ပတ်သက်သည့် သံသယရှိသူ ၁၃ ဦး ရှိပြီး စစ်ဆေးဖော်ထုတ်နေဆဲဖြစ်ကြောင်း စီအိုင်ဒီမှ အဆင့်မြင့် ရဲအရာရှိတဦးက ထုတ်ဖော်ပြောဆိုထားသည်
ယင်းအမှုကိုကျူးလွန်သည့် တရားခံ အစစ်အမှန်အား ယနေ့အထိ မသိရှိရသေးသဖြင့် အမြန်ဆုံး ဖော်ထုတ် အရေးယူရန် ပြည်သူလူထုက တွန်းအားပေးလျက်ရှိသည်။
You may also like these stories:
Wisdom Hill အပါအဝင် နေပြည်တော်က မူကြိုကျောင်းအချို့ အပိတ်ခံထားရ
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုမှ ကင်းဝေးအောင် ကလေးတွေကို သင်ကြားပေးရမယ့် အရာများ
နာကျင်နေသော အဖေတယောက်ရဲ့ ဖွင့်ဟချက်
Wisdom Hill အမှု ဖော်ထုတ်ရန် မလွယ်ဟု CID ပြော
ကျောင်းသူကလေးငယ် လိင်အကြမ်းဖက်ခံရသည့်အမှု ကြန့်ကြာနေ