မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေးကြောင့် သေဆုံးသူဦးရေ ဆက်လက် တိုးလာနေပြီး ဇူလိုင် ၃ ရက်အထိ သေဆုံးသူ ၂၆ ဦးအထိ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စာရင်းများအရ သိရသည်။
ရာသီတုပ်ကွေး (A H1N1 pdm 09) သံသယရှိသူ ၃၈၅ ဦးကို ဓာတ်ခွဲ စစ်ဆေးရာတွင် ၁၁၄ ဦးတွင် ရောဂါပိုး တွေ့ရှိခဲ့ရာ ၂၆ ဦး သေဆုံးခဲ့သည့် အနက် ရန်ကုန်တိုင်းဒေသကြီးတွင် သေဆုံးသူ ၂၂ ဦး အထိ ရှိနေပြီဟု ဆိုသည်။
သေဆုံးသူဦးရေ ဆက်လက်တိုးလာနေသော်လည်း သေဆုံးမှုများသည် ရာသီတုပ်ကွေးကြောင့်သက်သက် မဟုတ်ဘဲ နာတာရှည်ရောဂါ အခံများကြောင့် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။
ဒေါက်တာ ခင်ခင်ကြီးက“သေဆုံးသူတွေထဲမှာဆိုရင် ၃ ပုံ ၂ ပုံကျော်မှာ နဂိုကတည်းက ရောဂါအခံတွေ ရှိနေတာပေါ့နော်။ ကိုယ်ခံအားနည်းတဲ့ အခါမှာ ဘယ်ရောဂါမဆို ဝင်လွယ်တာပေါ့။ သူတို့မှာ နာတာရှည်ရောဂါတွေ သွေးတိုးတို့ ဆီးချိုတို့ နှလုံးရောဂါတို့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတို့ ဒီလိုမျိုးရှိတဲ့သူတွေမှာ ဖြစ်ရင် သေဆုံးမှုက သူများထက် ပိုတာပေါ့”ဟု ပြောပြသည်။
၂၀၁၇ ခုနှစ်တွင်မူ ရာသီတုပ်ကွေး စစ်ဆေးသူ ၁၁၆၅ ဦးရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ၄၀၆ ဦး၊ သေဆုံးလူနာ ၃၈ ဦးရှိခဲ့ ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ရာသီတုပ်ကွေး စစ်ဆေးသူ ၃၆၇ ဦးရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ၁၃ ဦးတွေ့ရှိခဲ့ကာ သေဆုံးသူ မရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
You may also like these stories:
ရာသီတုတ်ကွေးကြောင့် သေဆုံးသူ ရန်ကုန်တိုင်းတွင် ၁၀ ဦးရှိ
H1N1 အတွက် လူတိုင်းလူတိုင်း ကာကွယ်ဆေးထိုးစရာ မလိုဘူး
H1N1 အရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတိပေး