လျှပ်စစ်မီတာခ နှုန်းထားများ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် မီတာ ယူနစ်များ ကွဲလွဲမှု မရှိစေရန် တနိုင်ငံလုံး အတိုင်းအတာဖြင့် ဝန်ထမ်းများကိုယ်တိုင် အိမ်တိုင်ရာရောက် လိုက်လံ မီတာဖတ်လျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာနက သိရ သည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ဒု အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က“နှုန်းဟောင်းနဲ့ နှုန်းသစ်၂ ခု ကွဲလွဲတဲ့ အချိန်မှာ ပြည်သူကို ပွင့်လင်းမြင်သာမှု ရှိအောင် လက်ရှိ နှုန်းဟောင်းထဲက ရှိထားတဲ့ မီတာယူနစ်ကို သုံးစွဲသူကိုလည်း အသိပေး၊ အသိသက်သေနဲ့ လက်မှတ်ထိုးပြီးတော့ ယူခိုင်းထားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လျှပ်စစ် မီတာခများကို ဇူလိုင်လ ၁ ရက်မှ ၅ ရက် အထိ အဖွဲ့ပေါင်း ၅၇ ဖွဲ့ဖြင့် လိုက်လံ ဖတ်ကြားနေခြင်း ဖြစ်ကြောင်း သိရ သည်။
ဇူလိုင် ၁ ရက်မှစ၍ အိမ်သုံး မီတာခများကို တယူနစ်လျှင် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံး ၅၀ ကျပ်နှုန်း၊ စီးပွားရေး လုပ် ငန်း၊ စက်မှု လုပ်ငန်းသုံးများ အတွက် တယူနစ် အနည်းဆုံး ၅၀ ကျပ်မှ အများဆုံး ၁၅၀ ကျပ် အထိ ကောက်ခံနေရာမှနှုန်း ထားသစ်တွင် တယူနစ် ၃၅ ကျပ်မှ ၁၂၅ ကျပ်၊ အိမ်သုံး မဟုတ်သည့် အမျိုးအစားများ အတွက် တယူ နစ်လျှင် ၁၂၅ ကျပ် မှ ၁၈၀ ကျပ်အထိ အလွှာ အသီးသီးဖြင့် ပြောင်းလဲ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ဇွန်လ၂၅ ရက်က ကြေညာထားသည်။
တိကျသေချာစွာ ကောက်ယူခြင်း မရှိဘဲ ခန့်မှန်းခြေဖြင့် အစဉ်အဆက် ကောက်ယူထားခြင်းကြောင့် မီတာယူနစ်များ အကျန် ရှိနေပါက လျှပ်စစ်မီတာ နှုန်းထားသစ်ဖြင့် ပေးဆောင်ရမည်ကို စိုးရိမ်မကင်း ဖြစ်နေကြကြောင်း ပြည်သူများက ပြောဆိုကြ သည်။
တာမွေမြို့နယ်နေ ဒေါ်နီလာအောင်က“မီတာယူနစ်တွေကို ဘယ်လိုစနစ်နဲ့ ဖတ်နေလဲ၊ ယူနစ်တွေ အတိအကျတွက်ခဲ့တာ လား ဆိုတာ ကျမတို့လည်း သေသေချာချာ မသိဘူး။ မီတာခတွေ ပြောင်းမယ်ဆိုတော့ ယူနစ်ကျန်တွေသာ ရှိရင် နှုန်းအ သစ်နဲ့ ပေးရမှာလားဆိုတဲ့ သို့လောသို့လောတွေ ဖြစ်နေတယ်။ ရှေ့ရက်ပိုင်းလေးကပဲ ကျမတို့အိမ်ကိုတော့ မီတာလာဖတ် သွားတယ်။ ကျန်တဲ့ယူနစ်ကိုလည်း ပြသွားတယ်။ မီတာလာဖတ်တာကို သိပါတယ်ဆိုတဲ့ အသိသက်သေ လက်မှတ်လည်း ထိုးခိုင်းသွားတယ်”ဟု ပြောသည်။
ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း (YESC)၊ ဓာတ်အား ဖြန့်ဖြူးရေးဌာန အထွေထွေ မန်နေဂျာ ဦးတင် အောင်က “ယူနစ်ကျန်မှာ ကြောက်လို့ပဲ ဒီလဆိုရင် ရုံးချုပ်၊ ခရိုင်၊ မြို့နယ်တွေက အဖွဲ့တွေနဲ့ အိမ်တိုင်ရာရောက် ကွင်းဆင်း ပြီးတော့ တအိမ်တက် တအိမ်ဆင်း မီတာ ၁ လုံးချင်း ဖတ်နေတာ”ဟု ပြောဆိုသည်။
ဆက်စပ် ဖတ်ရှုရန် – မီတာခနှုန်းထားများ တိုးမြှင့် ကောက်ခံမှု အပေါ် ဝေဖန်မှုများရှိ