မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေးရောဂါ ၃ မျိုးအထိ တွေ့ရှိနေရသော်လည်း ကပ်ရောဂါ အသွင်ဖြစ်ပွားနေခြင်း မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်က ပြောသည်။
“Epidemic မဖြစ်သေးပါဘူး။ ဒီရာသီမှာ အဖြစ်များတာတော့ Type A အမျိုးအစား Type A အမျိုးအစားမှာ Subtype တွေရှိသေးတယ်။ Subtype 1 to 18 ရှိတယ်။ အဲဒီတော့ ဒီမှာအဖြစ်များနေတာက H1N1/ H2 လည်းရှိတယ် H3 လည်း ရှိတယ်။ H3 လည်းတွေ့တယ်လို့ ပြောတာ ဒါပဲ။ ပိုးကြီးဖြစ်လာတာ မဟုတ်ဘူး”ဟု ၎င်းက ပြောပြသည်။
ဆက်လက်ပြီး ဒေါက်တာ ထွန်းမြင့်က“ဒါက အထူးအဆန်း မဟုတ်ဘူး။ နဂိုကတည်းက ၁၈ မျိုး ရှိြ့ပီးသား။ B တွေ့တယ် ဆိုတာကလည်း နဂိုကတည်းက A/B/C/D ရှိပါတယ် ဆိုတာကိုး။ A ကတော့ များများစားစား ဖြစ်တာပေါ့။ ရောဂါလက္ခဏာ တွေလည်း အတူတူပဲ”ဟု ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိသူများတွင် ရာသီတုပ်ကွေးရောဂါ အမျိုးအစား ၃ မျိုးအထိ တွေ့ရှိ နေ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိသည့် စုစုပေါင်း လူနာ ၁၅၀ အနက် ၁၆ ဦးတွင် Influenza A H3N2 ကို တွေ့ရှိရပြီး ၁၂၃ ဦးမှာ Influenza A H1N1 pdm 09 ကိုတွေ့ရှိရကာ ကျန်လူနာ ၁၁ ဦးတွင်မူ Influenza B ကိုတွေ့ရှိရ ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။
ဇူလိုင်လ ၅ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေးဖြစ်ပွားပြီး သေဆုံးသူ ရန်ကုန် တိုင်းဒေသကြီးတွင် ၂၄ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၃ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂ ဦးနှင့် မွန်ပြည်နယ်တွင် ၁ ဦး စုစုပေါင်း ၃၀ ရှိပြီဟု ဆိုသည်။
ရာသီတုပ်ကွေး ရောဂါသည် ကာကွယ်ဆေး ထိုးနှံရုံမျှဖြင့် ကာကွယ်၍ မရဘဲ တကိုယ်ရည် သန့်ရှင်းရေးနှင့် ကိုယ်ခံအား ကောင်းမွန်စေရန် အတွက် ဂရုစိုက်ခြင်းဖြင့် ကာကွယ်ရမည်ဖြစ်ကြောင်း ဒေါက်တာထွန်းမြင့်က ပြောဆိုသည်။
“ကာကွယ်ဆေးရဲ့ Coverage က ၄၆ ရာခိုင်နှုန်းလောက်ပဲ ကာကွယ်လို့ ရတယ်။ တခုခုကို ကိုင်တွယ်ပြီးတိုင်း အထူး သဖြင့် အများသုံးတွေပေါ့။ ကိုင်တွယ်ပြီး လက်ဆေးဖို့နဲ့ တကိုယ်ရည် သန့်ရှင်းဖို့ အဲဒါက ပိုအရေးကြီးပါတယ်။ ဒီလိုရာသီ ရောက်ရင် အိပ်ရေးဝဝအိပ်၊ ရေလည်း များများသောက်၊ အရည်များများသောက်၊ သံသယရှိ တဲ့သူနား၊ လူထူတဲ့ အနား မသွားနဲ့ပေါ့။ ကိုယ်ခံအား ကောင်းအောင်နေ။ ဒါဆိုရင် ကာကွယ်ပြီးသား ဖြစ်တာပေါ့”ဟုလည်း ဒေါက်တာ ထွန်းမြင့် က ပြောသည်။
၂၀၁၇ ခုနှစ်တွင်မူ ရာသီတုပ်ကွေး စစ်ဆေးသူ ၁၁၆၅ ဦးရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ၄၀၆ ဦး၊ သေဆုံးလူနာ ၃၈ ဦးရှိခဲ့ ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ရာသီတုပ်ကွေး စစ်ဆေးသူ ၃၆၇ ဦးရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ၁၃ ဦးတွေ့ရှိခဲ့ကာ သေဆုံးသူ မရှိခဲ့ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
လက်ရှိအချိန်တွင် နယ်မြေချင်း ထိစပ်နေသည့် အိမ်နီးချင်း နိုင်ငံများတွင်လည်း ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိပြီး တရုတ်နိုင်ငံတွင် ၈၀၀၀၀ ကျော်၊ အိန္ဒိယတွင် ၇၀၀၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၇၀၆ ဦး၊ ထိုင်းနိုင်ငံတွင် ဖြစ်ပွားသူ ၆၆၆ ဦး၊ ကမ္ဘောဒီယားတွင် ၁၃၂ ဦးနှင့် လာအိုနိုင်ငံတွင် ၂၃၈ ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
You May Also Like These Stories:
ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၂၆ ဦးရှိလာ
H1N1 အရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတိပေး
ကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားနေတဲ့ H1N1 ရာသီတုပ်ကွေး အကြောင်း
H1N1 အတွက် လူတိုင်းလူတိုင်း ကာကွယ်ဆေးထိုးစရာ မလိုဘူး