မန္တလေးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ရာထူးအတွက် ကျောက်ဆည်မြို့နယ် မဲဆန္ဒ နယ်မှ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်အား တိုင်းလွှတ်တော် အစည်းအဝေးတွင် အမည်စာရင်း တင် သွင်းလိုက်သည်။
ယနေ့ ကျင်းပသော ဒုတိယ အကြိမ် မန္တလေးတိုင်း လွှတ်တော် အထူးအစည်းအဝေး ပထမနေ့တွင် တိုင်းဝန်ကြီးချုပ်က အဆိုပြုထားသော “မန္တလေးတိုင်း လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး” အမည်စာ ရင်းအား လွှတ်တော်သို့ ကြေညာခဲ့သည်။
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က“အစိုးရရဲ့ကျန်တဲ့ သက်တမ်း ၁ နှစ်ခွဲအတွင်း လိုအပ်နေတဲ့ ဝန်ကြီးဌာန တခုတိုးဖို့ သမ္မတရုံးက ကျနော်တို့ကို အသိပေးတယ်။ အဲဒီအတွက် သင့်တော်မယ့်သူကို ကျနော်တို့က အမည်စာရင်း အဆိုပြုပြီး သမ္မတရုံးက ရွေးတာပေါ့။ သူ့ရဲ့ အမည်စာရင်း တင်သွင်းတာကလည်း လွှတ်တော်ရဲ့ သဘောတူညီချက် ရယူဖို့ လိုအပ်တာကြောင့် လွှတ်တော်မှာ ကြေညာတာ ဖြစ်ပါတယ်”ဟု လွှတ်တော် အစည်းအ ဝေး အပြီး မီဒီယာများအား ပြောကြားသည်။
အသစ်ထပ်မံ ဖွဲ့စည်းမည့် ဝန်ကြီးဌာနသည် ရွှေ့ပြောင်းလုပ်သားများနှင့် ဆက်စပ်သည့် ကိစ္စများ၊ နိုင်ငံသား ဖြစ်ခွင့်ရှိ သူများ နိုင်ငံသား စိစစ်ရေးကတ်ရယူရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန် တီး ပေးနိုင်ရန် ရည်ရွယ်သည်ဟု ဝန်ကြီးချုပ်က ပြောသည်။
ဝန်ကြီး အဖြစ် အမည်စာရင်း ကြေညာခံရသော အသက် ၆၄ နှစ် အရွယ် ဦးအောင်ကြည်သည် ကျောက်ဆည်မြို့သား ဖြစ်ပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ B.Econ(Stats.) ဖြင့် ဘွဲ့ရရှိခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းလွှတ် တော် ကိုယ်စားလှယ်အဖြစ် တာဝန် မထမ်းဆောင်မီ စဉ့်ကိုင်နှင့် ကျောက်ဆည်မြို့နယ် စာရင်းစစ်ရုံးတွင် စာရင်းစစ် အဖြစ် လည်းကောင်း၊ မြပါဝါဆီ ဖြန့်ဖြူးရေး ကုမ္ပဏီနှင့် Myanmar Conch Cement ကုမ္ပဏီတို့တွင် ဝန်ထမ်း အဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့သည်ဟု ကိုယ်ရေး မှတ်တမ်းတွင် ဖော်ပြထားသည်။
ဦးအောင်ကြည်က“ကိုယ်စားလှယ်ဆိုတာ နိုင်ငံအတွက် ကျတဲ့နေရာကနေ တာဝန်ထမ်းဆောင်ရမှာပါပဲ။ တိုင်းပြည်မှာ လ.ဝ.က နဲ့ ပတ်သက်ပြီး မတည်မငြိမ်ဖြစ်နေတာတွေ အများကြီး ရှိသေးတယ်။ အနယ်နယ် အရပ်ရပ်က လာကြတဲ့ ရွှေ့ပြောင်းလုပ်သား ကိစ္စတွေက အစပေါ့။ ဒါတွေကို အစိုးရ၊ ကိုယ်စားလှယ်တွေနဲ့ ညှိညှိနှိုင်းနှိုင်းတိုင်ပင်ပြီး ပေးတဲ့ တာဝန်ကို ကြိုးစားလုပ်မှာပါ”ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ အမည်စာရင်းနှင့် ပတ်သက်၍ ကန့်ကွက်လိုသော လွှတ်တော် ကိုယ်စားလှယ်ရှိပါက ဇူလိုင် ၁၂ ရက်တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးမည် ဖြစ်ကာ ကန့်ကွက်သူ မရှိပါက အတည်ပြုမည် ဖြစ်ကြောင်း သိရ သည်။
လက်ရှိ မန္တလေးတိုင်း အစိုးရအဖွဲ့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စည်ပင်သာယာရေး ဝန်ကြီးဌာန၊ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် တိုင်းရင်းသားရေးရာ ဝန် ကြီးဌာနတို့ ဖွဲ့စည်းထားရှိကြောင်း သိရသည်။