ရာသီတုပ်ကွေး ရောဂါဖြစ်ပွားပြီးနောက် တနိုင်ငံလုံးတွင် ၄၁ ဦး ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန စာရင်းများ အရ သိရသည်။
ဇူလိုင် ၁၁ ရက်အထိ ရာသီတုပ်ကွေး သံသယရှိသူ ၅၅၆ ဦးကို ဓာတ်ခွဲ စစ်ဆေးရာ၌ ၂၀၈ ဦးတွင် ရောဂါပိုး တွေ့ရှိခဲ့ရာ ၄၁ ဦး သေဆုံးခဲ့ခြင်း ဖြစ်ပြီး ယင်းအနက် ရန်ကုန်တိုင်း ဒေသကြီးတွင် ၃၃ ဦးအထိ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
လတ်တလောတွင် ရာသီတုပ်ကွေး အမျိုးအစား ၃ မျိုး တွေ့ရှိရပြီး Influenza A H1N1 ရောဂါပိုးတွေ့ရှိသူ ၁၇၄ ဦး၊ A H3N2 တွေ့ရှိသူ ၁၇ ဦးနှင့် Influenza B ပိုးတွေ့ရှိသူ ၁၇ ဦး အထိရှိနေပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်က ယခု ၂၀၁၉ ခုနှစ်တွင် ရာသီတုပ်ကွေးရောဂါ A H1N1 ကြောင့် သေဆုံးသူမှာ ၅ ဦးသာ ရှိပြီး ကျန်သေဆုံးသူများမှာ အခြား နာတာရှည် ရောဂါအခံများ ရှိနေခြင်းကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
၎င်းက“ဒီရောဂါတခုတည်းကြောင့် သေတဲ့သူကတော့ ၂၀၁၇ လောက် မရှိသေးဘူး။ တခြားရောဂါတွေနဲ့ တွဲလို့ ဒီလို ကိန်း ဂဏန်းတွေ တက်သွားတာ၊ သေတဲ့ Number များတယ်ဆိုတာက H1N1 ကြောင့် သေတဲ့လူနာက တနိုင်ငံလုံး ၅ ယောက် လားပဲ ပါတယ်။ ဆီးချိုဖြစ်တဲ့သူ ကျောက်ကပ်ရောဂါ ဖြစ်တဲ့သူ နှလုံးရောဂါအခံ ရှိတယ် ပြင်းထန်တာပေါ့။ အဲဒါတွေနဲ့ တွဲတွဲပြီး ဖြစ်လို့သာ Number က တိုးလာတာ။ ပုံမှန်ကတော့ ၂၀၁၇ ကို မမီသေးပါဘူး”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ရာသီတုပ်ကွေးစစ်ဆေးသူ ၃၆၇ ဦး ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ၁၃ ဦးတွေ့ရှိခဲ့ကာ သေဆုံးသူ မရှိခဲ့ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သိရသည်။
ရာသီတုပ်ကွေးရောဂါ အမျိုးမျိုးကိုကာကွယ်ရန် အတွက် တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပြီး လူထူထပ်သည့် နေရာ များကို မသွားရောက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းထားသည်။
ဒေါက်တာ ထွန်းမြင့်က“တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။ လက်ဆေးတာကိုလည်းပဲ အလွန်ကောင်းတဲ့ အလေ့အထ ဆိုတော့ ဘာကိုင်ကိုင် လက်ဆေးပါ။ လူထူတဲ့ နေရာလည်း မသွားကြပါနဲ့၊ အရည်များများသောက် အိပ်ရေးဝဝအိပ်ပါ”ဟု ပြောဆိုသည်။
ဇူလိုင်လ ၁၁ ရက် အထိ မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေးဖြစ်ပွားပြီး သေဆုံးသူ ရန်ကုန်တိုင်း ဒေသကြီးတွင် ၃၃ ဦး၊ ဧရာ ဝတီတိုင်း ဒေသကြီးတွင် ၃ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၂ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂ ဦးနှင့် မွန်ပြည်နယ်တွင် ၁ ဦး စုစုပေါင်း ၄၁ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
တနိုင်ငံလုံး အတိုင်းအတာအနေနှင့်၂၀၁၇ ခုနှစ်တွင် ရာသီတုပ်ကွေး စစ်ဆေးသူ ၁၁၆၅ ဦး ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ၄၀၆ ဦး၊ သေဆုံးလူနာ ၃၈ ဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You May Also Like These Stories:
ရာသီတုပ်ကွေး ကပ်ရောဂါ အဆင့် မဖြစ်နိုင်ဟု ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးမှူးပြော
ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၂၆ ဦးရှိလာ
H1N1 အတွက် လူတိုင်းလူတိုင်း ကာကွယ်ဆေးထိုးစရာ မလိုဘူး