ပြည်တွင်းရှိ ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း ၂ ခု ပေါင်း၍ ကျေးလက်ဒေသများတွင် ငွေကြေးဆိုင်ရာ ဝန်ဆောင် မှု တိုးချဲ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီ ၂ ခုမှာ ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်း မဟုတ်သော ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်း လိုင်စင် ရရှိ ထားသည့် ရွှေမင်းဂံ ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီနှင့် မော်တော်ဆိုင်ကယ် အပါအဝင် စက်ပစ္စည်းများကို ငှားရမ်းခြင်း ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်နေသော Rent 2 Own မြန်မာ ကုမ္ပဏီတို့ ဖြစ်သည်။
ယင်းသို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကြောင့် Rent 2 Own မြန်မာကုမ္ပဏီ၏ လက်ရှိ လုပ်ဆောင်နေသော ငွေကြေး ဝန်ဆောင်မှုများ အပြင် အခြား ငွေကြေးဝန်ဆောင်မှုများကိုပါ တိုးချဲ့လုပ်ကိုင်လာနိုင်တော့မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် Mr.Philippe Lenain က ပြောသည်။
၎င်းက ဆက်လက်၍“အခုဆိုရင် ကျနော်တို့ရဲ့သုံးစွဲသူတွေကို ငွေသား ချေးငွေတွေ ထုတ်ပေးနိုင်တော့မှာ ဖြစ်သလို နောက်ပိုင်းမှာ ဘဏ်လုပ်ငန်း မဟုတ်တဲ့ ငွေရေးကြေးရေး ဆိုင်ရာ ဝန်ဆောင်မှုကို ထပ်တိုး ဝန်ဆောင်မှု ပေးနိုင်တော့ မှာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
Rent 2 Own မြန်မာကုမ္ပဏီ အနေဖြင့် ယခင်က သုံးစွဲသူများကို ငွေသားချေးငွေ ဝန်ဆောင်မှုများ မလုပ်ဆောင်နိုင် သေးဘဲ ကျေးလက် ဒေသများနှင့် ဝင်ငွေနည်း မိသားစုများ အတွက် လိုအပ်သော မော်တော်ဆိုင်ကယ်များကို ငှားရမ်း ခြင်းမှ ပိုင်ဆိုင်နိုင်သည် အထိ ဖြစ်စေရန် ငွေချေး ဝန်ဆောင်မှုသာ လုပ်ဆောင်ပေးလျက် ရှိသည်။
ရွှေမင်းဂံ ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါ်လှသန်းရီက“မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်က ဖွံ့ဖြိုးမှုနည်းတဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။ Rent 2 Own ကုမ္ပဏီကလည်း အဲ့ဒီပြည်သူ တွေ ဖွံ့ဖြိုးရေး လုပ်နေတာ ဖြစ်တာကြောင့် ကျမတို့ ပူးပေါင်းမှုက ကျေးလက်နေ ပြည်သူတွေရဲ့ဘဝ ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်မှာပါ”ဟု ပြောဆိုသည်။
Rent 2 Own မြန်မာကုမ္ပဏီသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ မော်တော်ဆိုင်ကယ်နှင့် စက်ပစ္စည်း ငှားရမ်း မှုများကို ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီတခု ဖြစ်ပြီး ရန်ကုန် အပါအဝင် မြို့ကြီး တချို့တွင် ရုံးခွဲပေါင်း ၄၀ ကျော် ဖွင့်လှစ် ထားကာ သုံးစွဲသူပေါင်း ၁ သိန်းကျော်ကို ဝန်ဆောင်မှုပေးလျက် ရှိသည်ဟု ဆိုသည်။
အဆိုပါ ကုမ္ပဏီသည် ဆိုင်ကယ် လိုအပ်နေသော အများပြည်သူများကို ငှားရမ်းခြင်းမှ တဆင့် ပိုင်ဆိုင်နိုင်ရန် ဝန်ဆောင်မှု ပေးနေသည့် ကုမ္ပဏီတခု ဖြစ်ပြီး ယင်းဝန်ဆောင်မှုကြောင့် တောင်သူလယ်သမားများနှင့် ကျေးလက်နေ ပြည်သူများ အတွက် စီးပွားရေးနှင့် နေ့စဉ်ဘဝ လှုပ်ရှားမှုများ အတွက် လိုအပ်သော ဆိုင်ကယ်များကို ထောက်ပံ့ ပေးလျက် ရှိကြောင်း သိရသည်။
ကုမ္ပဏီ အနေဖြင့် ဆိုင်ကယ်တစီးကို ငှားရမ်းမှုမှ ပိုင်ဆိုင်နိုင်သော ဝန်ဆောင်မှုအတွက် ၃ နှစ်အတွင်း အမေရိကန် ဒေါ်လာ သန်း ၇၀ နီးပါး အထိ ဝန်ဆောင်မှုပေးနိုင်ထားကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။