မြန်မာနိုင်ငံတွင် ကိုယ်စားလှယ် ဘဏ်ခွဲ ဖွင့်လှစ်ခွင့် ရရှိထားသော မလေးရှား အခြေစိုက် May Bank(မြန်မာ)က ပြည်တွင်း ၌ အသေးစားချေးငွေ လုပ်ငန်းလုပ်ကိုင်နေသည့် Hayman Capital Microfinace ကုမ္ပဏီ အမေရိကန် ဒေါ်လာ ၃ သန်း ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ရရှိခဲ့သော ဒေါ်လာ ၃ သန်း (ကျပ် ၄ ဒသမ ၅ ဘီလီယံ) ကို ငွေကြေး အရင်းအနှီး လိုအပ်ချက်ရှိသည့် ပြည်သူ ၁၅၀၀၀ အတွက် ချေးငွေများ ထုတ်ချေးပေးနိုင်မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ပြင် တိုင်းဒေသကြီး ၄ ခုမှ မြို့နယ်ပေါင်း ၄၆ ခု၌ ချေးငွေ ထုတ်ချေးသွားမည်ဖြစ်ပြီး စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ် များ တွင် ရုံးခွဲများ ဖွင့်လှစ်ကာ လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်နိုင်မည်ဟု Hayman Capital ကုမ္ပဏီက ဆိုသည်။
Hayman Capital ၏ အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ Mr.Sultan Marenov က“အခုလို ငွေကြေး ကူညီထုတ်ချေးပေးတဲ့အတွက် မြန်မာနိုင်ငံက ဘဏ်လုပ်ငန်း ဝန်ဆောင်မှုနဲ့ အလှမ်းဝေးနေတဲ့ ပြည်သူတွေကို ငွေကြေး ဝန်ဆောင်မှုတွေ အထောက် အပံ့ ဖြစ်စေမှာပါ”ဟု ပြောသည်။
Hayman Capital ကုမ္ပဏီသည် ပြည်တွင်းရှိ စိုက်ပျိုးရေး၊ စက်မှုလက်မှု လုပ်ငန်း၊ ဝန်ဆောင်မှုများ၊ မိသားစု တနိုင်တပိုင် လုပ်ငန်းများ အပါအဝင် အသေးစား လုပ်ငန်းများကို ချေးငွေ ထုတ်ချေးပေးနေသည့် ကုမ္ပဏီတခု ဖြစ်သည်။
၎င်းက ဆက်လက်၍“ကျနော်တို့ အနေနဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းတာဝန်တွေကို ကြိုးစားဆောင်ရွက်ခြင်း က မြန်မာ နိုင်ငံ က အသေးစား စီးပွားရေး လုပ်ငန်းရှင်များနဲ့ ကျေးလက်ဒေသ လူမှုစီးပွားရေးများကို တိုးမြှင့် ဆောင်ရွက်နိုင်ပါတယ်”ဟု ဆိုသည်။
ယခုချေးငွေသည် May Bank က Hayman Capital ကို တတိယ အကြိမ်မြောက် ချေးငွေ ထုတ်ချေးခြင်း ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၀ သန်း ထုတ်ချေးပေးခဲ့ပြီး မြန်မာနိုင်ငံမှ ဝင်ငွေနည်း အသေးစား လုပ်ငန်းရှင် ၃၅၀၀၀ ကျော် အတွက် ငွေကြေး ဝန်ဆောင်မှုများ ပေးနိုင်ခဲ့ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
Hayman Capital ကုမ္ပဏီသည် စင်ကာပူ အခြေစိုက် ကုမ္ပဏီတခုဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် ငွေ ကြေး ဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ဆောင်ခဲ့ကာ လက်ရှိအချိန်တွင် လူဦးရေပေါင်း တသိန်းခန့်ကို ဒေါ်လာ ၁၅ သန်းကျော် ချေးငွေ ထုတ်ချေး ပေးခဲ့သည့် ကုမ္ပဏီတခု ဖြစ်သည်ဟု ဆိုသည်။
You may also like these stories:
နိုင်ငံခြားဘဏ်များ ထပ်မံ ခွင့်ပြုရန် စီစဉ်နေ
အီတလီ အတိုးမဲ့ ချေးငွေနှင့် မီးလင်းရေးစီမံကိန်း ပွင့်လင်းမြင်သာရန် တင်ပြ