ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဝင်းအောင်သည် တာဝန်မှ နုတ်ထွက်သွားပြီ ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒု ညွှန်ကြားရေးမှူး ဦးဌေးမောင်က မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်း အောင် နုတ်ထွက်ခြင်းသည် မှန်ကန်ကြောင်း အတည်ပြု ပြောဆိုသည်။
ဦးဌေးမောင်က“သူက နုတ်ထွက်ခွင့် တင်ထားတာ။ နုတ်ထွက်ခွင့် ကျတာတော့ သိပ်မကြာသေးဘူး။ ရက်ပိုင်းလောက်ပဲ ရှိ သေးတယ်။ ဘာကြောင့် နုတ်ထွက်တာလဲ ဆိုတာကတော့ သူ့ကျန်းမာရေး အခြေအနေကြောင့်လို့ ပြောတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရသေ့တောင် အခြေစိုက် မယူကမ်းဒေသ ဖွံ့ဖြိုးရေး အသင်းဥက္ကဋ္ဌ ဦးမောင်စောဝင်းကလည်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်သည် တာဝန်မှ နုတ်ထွက်ခွင့် ကျ၍ သြဂုတ်လ ၆ ရက်တွင် အမြန်ရေယာဉ်ဖြင့် ရသေ့တောင်မြို့မှ ထွက်ခွာ သွားပြီ ဖြစ်ကြောင်း ပြောပြသည်။
ဦးမောင်စောဝင်းက“အမြန်ယာဉ် ဆိပ်ကမ်းမှာ သူနဲ့တွေ့လို့ သူ နုတ်ထွက်ခွင့် ကျတယ်၊ ပြန်တော့မယ်ဆိုလို့ ကျနော် တောင် နှုတ်ဆက်လိုက်ပါသေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရသေ့တောင် မြို့ခံများကတော့ ဦးဝင်းအောင် တာဝန်မှ နုတ်ထွက်သွားရခြင်းသည် လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများ နှင့် ပတ်သက်ပြီး လုံခြုံရေး အခြေအနေ စိုးရိမ်စရာများ ဖြစ်ပေါ်နေသည့် အတွက် ၎င်း၏မိသားစုဝင်များ တိုက်တွန်းချက် အရ ဖြစ်ကြောင်း ပြောဆိုကြသည်။
လက်ရှိ အချိန်တွင် နုတ်ထွက်သွားသည့် ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၏ နေရာတွင် အစားထိုးခန့် အပ်ခြင်း မရှိသေးဘဲ ဒု မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန် လွှဲထားကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် မတ်လ အတွင်းကလည်း မြောက်ဦး မြို့နယ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ၈၉ ဦး နုတ်ထွက်ခဲ့သေးသည်။
ဆက်စပ် ဖတ်ရှုရန်
ရသေ့တောင် ရုန်းရင်းဆန်ခတ်မှု အတွင်း တပ်မတော် ပစ်ခတ်၍ ရွာသား ၆ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရ
ရသေ့တောင် လက်နက်ကြီး ပေါက်ကွဲမှု ကလေး ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
မြောက်ဦး ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀ နီးပါး နုတ်ထွက်