ပြင်သစ်-မြန်မာ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA) တို့ ပူးပေါင်းပြီး ပထမ အကြိမ် “မြန်မာနိုင်ငံသို့ လူငယ်စွန့်ဦး တီထွင် လုပ်ငန်းရှင်များ လက်စွဲ” (Entrepreneurs’ Guide to Myanmar) စာအုပ်ကို သြဂုတ်လ ၂၂ ရက်မှ စတင် ထုတ်ဝေမည် ဖြစ်ကြောင်း သိရသည်။
MYEA ဥက္ကဋ္ဌ ဒေါက်တာ အောင်သူရက“နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် မြန်မာ့ စီးပွားရေးက နှေးကွေးနေတဲ့ အချိန်မှာ စီးပွား ရေး လုပ်ငန်းတခု စတင်ဖို့နဲ့ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဖို့ အတော်ခက်တယ်။ ဒါကြောင့် ဒီလက်စွဲ စာအုပ်လေးကနေ လုပ် ငန်းစတင်တဲ့ အချိန်မှာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ ကြုံတွေ့ရမယ့် အခက် အခဲတွေ လက်တွေ့ကျကျ ဖြေရှင်းနိုင်ဖို့ အထောက်အကူ ပြုပါတယ်” ဟု ပြောသည်။
အဆိုပါ လက်စွဲစာအုပ်၌ လက်တွေ့ လုပ်ဆောင်နေသော စီးပွားရေး လုပ်ငန်းများနှင့် နီးစပ်နိုင်သမျှ နီးစပ်နိုင်ရန် မြေပြင် အခြေအနေများကို ကွင်းဆင်း သုံးသပ်ထားပြီး ကုမ္ပဏီ စတင် တည်ထောင်သူများ အနေနှင့် သိသင့်သော အချက်အလက် များလည်း ဖော်ပြပါရှိသည်။
ထို့ပြင် စာအုပ်၌ မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေ၊ ပြဋ္ဌာန်းထားသော ဥပဒေများ၊ အခွန်စနစ်နှင့် စည်းမျဉ်း စည်းကမ်း များ အပြင် စီးပွားရေးလုပ်ငန်း စတင် လုပ်ကိုင်ချိန်တွင် ကြုံတွေ့ရမည့် အခက်အခဲနှင့် စိန်ခေါ်မှုများကိုလည်း ထည့်သွင်း ဖော်ပြထားကြောင်း ဒေါက်တာ အောင်သူရက ပြောသည်။
ပြင်သစ်-မြန်မာ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း အမှုဆောင် ဒါရိုက်တာ Mr. Guillaume REBIEREက “စွန့်ဦးတီ ထွင်လုပ်ငန်းရှင် ဆိုတာ ဘယ်အချိန်မှာ ဖြစ်ဖြစ် စိန်ခေါ်မှုတွေ ရှိတယ်။ မိမိရဲ့အသက်မွေးဝမ်းကျောင်း တခုတည်း အတွက် မဟုတ်ဘဲ အချိန်တွေနဲ့ ရင်းနှီးမြှုပ်နှံရတာ ဖြစ်တယ်။ ဒါကြောင့် ဒီလုပ်ငန်းရှင်တွေအတွက် ကျနော်တို့ အားပေးနိုင်သမျှ အတွေ့အကြုံတွေ မျှဝေပေးတာ ဖြစ်တယ်” ဟု ပြောဆိုသည်။
ယင်းစာအုပ်သည် သီအိုရီများကို ရှင်းလင်း တင်ပြခြင်း သဘောမျိုး မဟုတ်ဘဲ တိကျသော အသေးစိတ် အချက်အလက် များနှင့် အကြံဉာဏ်များကို နိုင်ငံတကာနှင့် မြန်မာ စွန့်ဦးတီထွင် လုပ်ငန်းရှင်များထံမှ ရယူထားကြောင်း ၎င်းက ဆိုသည်။
လုပ်ငန်းရှင်များ စတင်ကြုံတွေ့ရမည့် ရုံးခန်း စရှာရန်၊ ရင်းနှီးမြှုပ်နှံသူများ ရှာဖွေရန်၊ အင်တာနက်စတင် ချိတ်ဆက် အသုံး ပြုရန်၊ ဝန်ထမ်းရှာရန်နှင့် မြန်မာနိုင်ငံတွင် စီးပွားရေး မည်သို့ ပြုလုပ်မည် ဆိုသော အစရှိသည့် အချက်များကို လက်ရှိ စွန့်ဦး တီထွင်လုပ်ငန်းရှင်များ၏ အကြံဉာဏ်များ ရယူ၍ ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။
ထို့ပြင် စွန့်ဦးတီထွင် လုပ်ငန်းရှင်များကို လိုအပ်သော သတင်းအချက်အလက်နှင့် အကူအညီများ ပေးနိုင်သော အသင်း အဖွဲ့များကို စာအုပ်တွင် ဖော်ပြထားပြီး မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်း လိုအပ်ချက်များမှာ ပြောင်းလဲနေသည့်အတွက် စီးပွားရေး စွန့်ဦးတီထွင် လုပ်ငန်းရှင်များ လက်စွဲစာအုပ်ကို နှစ်စဉ် ထုတ်ဝေသွားမည် ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ စွန့်ဦး တီထွင်လုပ်ငန်းရှင်များ အသင်းက သိရသည်။
ယင်းလက်စွဲ စာအုပ်ကို လူတိုင်းဖတ်ရှုနိုင်ရန် အတွက် E-Book ပုံစံမျိုးနှင့် စတင် ဖြန့်ဝေသွားမည် ဖြစ်ပြီး လက်ရှိ စွန့်ဦး တီ ထွင် လုပ်ကိုင်ဆောင်ရွက်နေသည့် ကုမ္ပဏီ ၆ ခုကို စစ်တမ်း ကောက်ယူ၍ ရေးသားထားခြင်း ဖြစ်ကြောင်း သိရသည်။
You may also like these stories:
အာဆီယံအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်ဆု မြန်မာ့လုပ်ငန်းရှင် ၁၀ ဦးရရှိ
လူငယ် စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တွေ ကြည့်သင့်တဲ့ ဇာတ်ကား ၃ ကား
ကွမ်းသီးပင်၏ အဖက်အလက်များ ပလတ်စတစ်အစားထိုး လူသုံးကုန်ပစ္စည်း အဖြစ်ဖန်တီး