ရေဘေးဒဏ်ခံစားနေရသည့် တနသာၤရီမြို့တွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရင်း တပ်မတော်သား တဦး ရေနစ်သေဆုံးမှု သြဂုတ်လ ၁၂ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ် ၊ ညောင်ပင်ကွင်းကျေးရွာတွင် သြဂုတ်လ ၁၂ ရက်နေ့၊ နေ့လည်ပိုင်းက ယင်းကျေးရွာ၏ အရှေ့ဘက်နှင့် အနောက်ဘက်ကမ်းကို ကူညီပို့ဆောင်ပေးနေစဉ် စက်လှေမှောက်ပြီး တပ်မတော်သားတဦး သေဆုံးသွားသည့် ဖြစ်စဉ်ရှိကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ညောင်ပင်ကွင်းဘက်မှာ ရေဖုံးတော့ ၁၂ ရက်နေ့ နေ့လည်ပိုင်းလောက်က ညောင်းပင်ကွင်းရဲ့ အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက် ကမ်းလောက်မှာ ကူညီပို့ဆောင်ပေးနေတာ။ အဲဒီမှာ စက်လှေမှောက်ပြီးတော့ ရေမျောပြီးတော့ ဆုံးသွားတာပါ”ဟု ရှင်းပြသည်။
သေဆုံးသွားသည့် တပ်မတော်သားမှာ နယ်မြေခံတပ်ရင်း အမှတ် ၅၆၁ မှ ဖြစ်ကြောင်း သိရပြီး ညနေပိုင်းတွင် ရုပ်အလောင်းပြန်ရခဲ့ကြောင်း သိရသည်။
ယခု နောက်ပိုင်းတွင် တနင်္သာရီမြစ်ရေ တိုးလာသဖြင့် အထက်ပါ ကျေးရွာ ပတ်ဝန်းကျင်ရှိ အိမ်ခြေ ၅၀၀ ခန့် ရေဘေးဒဏ် ခံစားနေရဆဲ ဖြစ်သည်။
မြန်မာပြည် အောက်ပိုင်း ဒေသများတွင် ဖြစ်ပေါ်နေသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်သော ရေကြီး၊ ရေလျှံ မြေပြိုမှုများကို ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ရန် တပ်မတော်သားများ အနေဖြင့် အထက်အမိန့် စောင့်ရန် မလိုဘဲ ပြီးမှ အကြောင်းကြားရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်းသိရသည်။
You may also like these stories:
သဘာဝဘေး ကူညီရန် အမိန့်စောင့်စရာ မလိုဟု တပ်မတော်သားများကို ညွှန်ကြားထား
မွန်၊ ကရင်နှင့် တနင်္သာရီ တို့တွင် မိုးပိုဦးမည်