ရန်ကုန်မြို့တွင် တက္ကစီယာဉ်မောင်းအား ခရီးသည်မှ ဓားထောက်လုယက်မှု ဖြစ်စဉ်နှစ်ခု သြဂုတ် ၁၂ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
သြဂုတ် ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် ယာဉ်မောင်းဖြစ်သူ ဦးခင်မောင်ရီအား လည်တန်းဈေးမှ ဘုရင့်နောင် ကားဝင်းသို့ ငှားရမ်းခဲ့သူနှစ်ဦးမှ အင်းစိန် BPI ဆေးဝါးစက်ရုံအနီး ဓားထောက်လုယက်စဉ် အခြားယာဉ်တစီးမှ တွေ့မြင်ခဲ့သည့်အတွက် ယာဉ်အားမရပ်ရန် ခြိမ်ခြောက်မောင်းနှင်ခိုင်းခဲ့ပြီးနောက် ဗဟိုလမ်း ဘူတာရုံမှတ်တိုင် နားအရောက်တွင် ဆင်းပြေးသွားခဲ့ကြောင်း သိရသည်။
ယင်းသို့ဆင်းပြေးစဉ် လုယက်သူနှစ်ဦးအနက် မျိုးလှိုင်ဝင်းဆိုသူမှာ လမ်းဘေးရေအနက် ၄ ပေခန့်ရှိ မြောင်းအတွင်း ခုန်ချထွက်ပြေးပြီးနောက် မိနစ်သုံးဆယ်ခန့်အကြာတွင် ရေနစ်သေဆုံးလျှက် ပြန်လည် တွေ့ရှိခဲ့ပြီး ကိုကိုလွင် ဆိုသူအား သီရိမင်္ဂလာဈေးသစ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုထားသည်။
သြဂုတ် ၁၂ ရက်နေ့ မွန်းလွဲပိုင်းကလည်း ယာဉ်မောင်းဖြစ်သူ ဦးစိန်သန်းအား ကျော်ရှိန်းနှင့် မသော်ဇင်ရှိန်းကို တို့မှ ကမာရွတ် ဘူတာရုံလမ်းကတဆင့် ယုဇနဥယျာဉ်မြို့တော်သို့ ငှားရမ်းပြီးနောက် တက္ကသိုလ်ရိပ်သာ လမ်းပေါ်အရောက်တွင် ဓားထောက်လုယက်မှုဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်တွင် ယာဉ်မောင်းဖြစ်သူမှ တက္ကသိုလ်ရိပ်သာလမ်းရှိ မြဝတီဆီဆိုင်နား အရောက်တွင် ကားပေါ်မှခုန်ဆင်းကာ အကူအညီ တောင်းခံမှုကြောင့် လုယက်သူနှစ်ဦးအား ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုယက်မှု ဖြစ်စဉ်နှစ်ခုတွင်း ကျူးလွန်သူများအား ဖမ်းမိခဲ့ပြီး ကမာရွတ်မြို့မရဲစခန်းနှင့် ဗဟန်းမြို့မရဲစခန်းတို့တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၃(လုယက်မှုကျူးလွန်ရန် အားထုတ်မှု)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။