ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ပြည်မြို့ အောင်ဆန်းပြည်သာယာ ရပ်ကွက် လိပ်ပြာလမ်းရှိ ဆောက်လက်စ တိုက် တလုံး အတွင်း ဝဲဘက်မျက်ခုံး အပေါ်တွင် ပေါက်ပြဲဒဏ်ရာ တခုပါရှိသည့် အမျိုးသမီး အလောင်း တလောင်းအား ယမန်နေ့ညနေ ၆ နာရီခန့်က တွေ့ရှိကြောင်း သိရသည်။
“အဲဒီခြံရှေ့မှာ ခြင်းခတ်နေကြကလေးတွေက အပုပ်နံ့ရလို့ ရှာရင်းတွေ့ကြတာ။ ဘယ်ဘက်မျက်ခုံး အပေါ် မှာတော့ ပေါက်ပြဲဒဏ်ရာရယ်၊ ညာဘက် လက်မောင်းမှာ အညိုအမည်း အကွက်တွေ တွေ့ရတယ်”ဟု ခေတ္တရာ လူငယ်များ သာရေးနာရေး ကူညီမှုအသင်းမှ အလောင်းသယ်ပေးခဲ့သည့် လူငယ်တဦးက ပြော သည်။
သေဆုံးသူသည် ရန်ကုန်မြို့မှ အသက် ၃၈ နှစ်ခန့်ရှိ မဥမ္မာဝင်း ဆိုသူဖြစ်ပြီး ၎င်းသေဆုံးသည့် ဆောက်လက်စ တိုက် အတွင်း လွန်ခဲ့သည့် ၂၀၁၈ ဒီဇင်ဘာလခန့်က ပိုင်ရှင်များမရှိသည့် အတွက် ဝင်ရောက်နေထိုင်သူ ဖြစ်ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းထွန်းအောင်က ပြောပြသည်။
“ဖြစ်နိုင်ခြေက သူ့ဟာသူ အရက်မူးပြီး မှောက်ခုံလဲလို့ သေတယ်လို့ ဖြစ်နိုင်ခြေများပါတယ်။ ကျနော်တို့ သေမှုသေခင်း ဖွင့်ပြီး စစ်ဆေးနေတယ်ဗျ။ ပြင်ပ ပယောဂ ပါနိုင်တယ်လို့ မယူဆပါဘူး။ သူနဲ့နီးစပ်သူတွေ သွားမေးကြည့်တော့ လေ့လွင့်နေတဲ့သဘောပေါ့၊ အရက်အဆီတွေ လှိမ့်သောက်တာ၊ သောက်ရင်လည်း ထမင်းလွတ်ဟင်းလွတ် သောက်တယ် ပြောတယ်။ တခြားရောက်ဂါ အခံတွေလည်းရှိတယ်”ဟု ရဲမှူး သန်းထွန်းအောင်က ဆက်ပြောသည်။
သေဆုံးသူ၏ အလောင်းအား ယမန်နေ့ည ၇ နာရီခန့်က ပြည်မြို့ခုတင် ၅၀၀ ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ဆေးစစ်ချက်များ ပြုလုပ်နေပြီး ပြည်မြို့နယ် အမှတ် ၃ နယ်မြေ ရဲစခန်းတွင် သေမှု သေခင်းဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။