ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင်မှာ သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ဓားထိုးခံရကြောင်း သတင်း ရရှိသည်။
အသက် ၅၀ ကျော်အရွယ် ရဲမှူး စောသန်းလွင်မှာ ယနေ့ ညနေပိုင်း ကျောက်တော်မြို့ ရေယာဉ် ဆိပ်ကမ်းတွင် ရှိနေစဉ် ဓားထိုးခံရခြင်း ဖြစ်ကြောင်းလည်း ၎င်းမြို့နယ်အတွင်း က ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောသည်။
ကျောက်တော်မြို့ခံ တဦးက “ဆိပ်ကမ်းရေယာဉ် ထိန်းသိမ်းရေး ရုံးနားဖြစ် ဖြစ်တာလို့ ပြောတယ်။ ကျနော်တို့ ဆေးရုံကို သွားကြည့်တော့ လုံခြုံရေးတွေ အပြည့်ချထားတော့ ဒဏ်ရာ အခြေနေကိုတော့မသိရဘူး။ စစ်တွေဆေးရုံကို ယူမယ်လို့လည်း ပြောသံကြားနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရဲမှူးစောသန်းလွင် ဓားထိုးခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧရာဝတီက ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းအား ဆယ်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဉ်အား အတည်ပြုသည်။
ရဲမှူးကြီး ကြည်လင်း က “လောလောဆယ်တော့ ဆေးကုသမှုတွေ လုပ်နေတယ်။ ကျန်တာတော့ ပြောလို့ မရသေးဘူး” ဟု ဆိုသည်။
ရဲမှူး စောသန်းလွင် ရရှိထားသော ဒဏ်ရာ အခြေအနေမသိရှိရသေးသလို ဓားဖြင့် ထိုးသည့် တရားခံ မည်သူ၊ မည်ဝါ ဖြစ်သည်ဆိုသည်ကိုလည်း လောလောဆယ် အတည်မပြု နိုင်သေးကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဆိုသည်။