မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ် အတွင်းရှိ ဈေးချိုတော် တတိယထပ်နှင့် စတုတ္ထထပ်ရှိ ဆိုင်ခန်း လွတ်များကို အစားအသောက် သီးသန့်ရောင်းချသည့် နေရာအဖြစ် ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
မန္တလေးမြို့တော် စည်ပင်ယာရေး ကော်မတီမှ ကော်မတီဝင် ဦးကျော်ဆန်းမြင့် က “လက်ရှိ အခြေအနေကတော့ နေရာတွေကိုလည်း ရှင်းလင်းပြီးပြီ။ ဖွင့်မယ်ဆိုရင်တော့ အဆင်သင့် ဖြစ်နေပြီပေါ့နော်၊ နောက်ပြီး စားသောက်ဆိုင် စာရင်းတွေလည်း ကောက်ထားပြီးပြီ၊ ဒါပေမယ့် မီးမသုံးအောင် စည်းကမ်း လုပ်ဖို့အတွက် အစီအစဉ် ဆွဲနေတာကြောင့် ကြာနေတာပါ၊ စားသောက်ဆိုင်ဈေး လုပ်ဖို့ကတော့ အစီအစဉ် ရှိပါတယ်”ဟု ပြောသည်။
အစားအသောက် သီးသန့်ရောင်းချသည့်ဈေး နေရာ အဖြစ် ဖော်ဆောင်နိုင်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် မေလအတွင်းက ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ မီးဘေးကြိုတင် ကာကွယ်မှုအနေဖြင့် မီးသုံးစွဲမှုအတွက် အစီအစဉ်များ ရေးဆွဲနေကြောင်း၊ ဖွင့်လှစ်မည့် အချိန်ကို အတိအကျပြော၍ မရသေးကြောင်း သိရသည်။
ဆက်လက်ပြီး ဦးကျော်ဆန်းမြင့် က “စားသောက်ဆိုင်တွေ ဖွင့်မယ်ဆိုရင် မီးအသုံးပြုမှုအတွက် ထိန်းချုပ်ဖို့ အစီအစဉ်တွေ ရေးဆွဲနေရလို့ ဖွင့်ဖို့ရှိပေမယ့် စောင့်နေရတယ်။ ဈေးဆိုင်ခန်းတွေကိုလည်း စာရင်းကောက်ပြီး ဖြစ်ပါတယ်၊ ဘယ်တော့လောက် ဖွင့်မယ် ဆိုတာတော့ အတိအကျ ပြောလို့ မရသေးပါဘူး၊ ရင်းနှီးမြုပ်နှံမှု လုပ်မယ့် ပြင်ပလုပ်ငန်းရှင်တွေကို ခေါ်ယူဖို့ဆိုတာက လောလောဆယ် လုပ်ငန်းတွေက မစနိုင်သေးတော့ နောက်တဆင့် မတက်နိုင်သေးဘူး ဖြစ်နေတာ” ဟု ရှင်းပြသည်။
ဈေးချိုတော်တွင် ဈေးဆိုင်ခန်းလွတ်များ ရှိနေခြင်းကြောင့် ရုံးခန်းများ၊ Mini Market များ အဖြစ် ဖော်ဆောင် နိုင်ရန် လုပ်ဆောင်ခဲ့ကြောင်း သို့သော်လည်း ဈေးဝယ်စင်တာ အကြီးစား ဖွင့်လိုသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များကို ငှားရမ်းသွားရန် စီစဉ်ရာတွင် မည်သူမျှ ဆက်သွယ်လာခြင်း မရှိသဖြင့် အစားအသောက် သီးသန့်ရောင်းချသည့် ဈေးနေရာ အဖြစ်ပြောင်းလဲ လုပ်ဆောင်ရခြင်းဟု သိရသည်။
ဈေးချိုတော် အကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမင်းမင်း က “ပထမအစီအစဉ်က ရုံးခန်းတွေ၊ ဆိုင်ခန်းတွေ ဖွင့်ဖို့ အငှားချပေးသွားမယ်လို့တော့ မြို့တော်ဝန်ကြီးက ပြောထားပါတယ်၊ အဲဒီ အစီအစဉ်အစား၊ အစားအသောက် ဈေးတန်း ဆိုလည်း ကောင်းပါတယ်။ တတိယထပ်မှာ အရင်ကတည်းက ဆိုင်ခန်း အလွတ်တွေက ရှိနေတာဆိုတော့ အခုလို လုပ်ဆောင်မယ်ဆိုတာ ကောင်းပါတယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “အပေါ်ထပ်မှာရှိတဲ့ ဆိုင်ခန်းနေရာတွေကို ရှင်းလင်းနေတဲ့ အပိုင်းတော့ရှိတယ်၊ အဲဒီဆိုင်ခန်းတွေမှာက မူလပိုင်ရှင်တွေ ရှိတယ်ဆိုတော့ ညှိနှိုင်းရမယ့် အပိုင်းတွေကလည်း ရှိနေသေးတော့ ကော်မတီကပဲ ဆက်လက် လုပ်ဆောင်နေတယ်၊ အဲဒီနေရာအတွက်က လက်ရှိမှာ စီမံချက်အနေနဲ့ပဲ ရှိသေးတော့ ဘယ်အချိန်မှာ စမလဲဆိုတာ အတိအကျ ပြောလို့မရသေးဘူး၊ လက်ရှိမှာတော့ လုပ်တော့လုပ်နေတယ်၊ အကောင်အထည် ဖော်နေတာတွေလည်း ရှိတယ်၊ ပြင်ပပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုဝင်လာဖို့ဆိုတာကတော့ အချိန်ကာလတခုတော့ စောင့်ရမှာပေါ့လေ”ဟု ရှင်းပြသည်။
မန္တလေးဈေးချိုတော်ကြီးတွင် ရုံတော်ကြီး ၈ ရုံ၊ ဆိုင်ခန်းပေါင်း ၃ ထောင်ကျော်ရှိပြီး သက်တမ်း နှစ်ပေါင်း ၂၅ နှစ်ကျော် ရှိလာပြီဖြစ်ရာ ကြံ့ခိုင်မှုများ အားနည်းလာပြီဟု သိရသည်။ ဈေးချိုတော်၏ တတိယထပ်နှင့် စတုတ္ထထပ်တွင် ဆိုင်ခန်းပေါင်း ၇၀၀ ခန့်ရှိပြီး လက်ရှိ ဆိုင်ခန်းဖွင့် ရောင်းချနေသည့် ဆိုင်ခန်းပေါင်း ၁၅၀ ဝန်းကျင်သာရှိသည်။
သို့ဖြစ်ရာ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ဈေးချိုတော်အဆောက်အဦ ရေရှည်တည်တံရေးအတွက် ပြုပြင်ထိန်းသိမ်းမှုများလုပ်ငန်းများ ဆောင်ရွက်နေသည်။
ထိုဈေးကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဘဏ္ဍာနှစ်အလိုက် တဆင့်ချင်းပြင်ဆင်ပေးမှုများကို ပြုလုပ်ပေးခဲ့ရာ ယခုဘဏ္ဍာနှစ်အတွင်း၌ စက်လှေခါးအဟောင်းများအစား စက်လှေကား အသစ် ၆ စင်းနှင့် ဓာတ်လှေကား အသစ်တစင်း တပ်ဆင်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။
You may also like these stories:
မန္တလေးတွင် အနုပညာဈေး တည်ဆောက်ရန် စီစဉ်နေ
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ပြည်သူ့ဂုဏ်ရည်ဆု ရရှိ
မန္တလေးကျုံးရှေ့ နေ့ ည ဖွင့်သည့် ဈေးသစ် ဆောက်မည်