မန္တလေးခရိုင် မဟာအောင်မြေမြို့နယ် ၄၁ လမ်း ၇၁ လမ်းနှင့် ၇၂ လမ်းကြား တက္ကသိုလ်ရပ်ကွက် တက္ကသိုလ်တိုက်တန်း အခန်းအမှတ် J (1/2)တွင် ဖွင့်လှစ်ထားသော ဖိနပ်ဆိုင် တဆိုင်မှ လေသေနတ်များနှင့် ကျည်ဆန်များ ရှာဖွေ ဖမ်းဆီးရမိ ကြောင်း ခရိုင် ရဲတပ်ဖွဲ့က သိရသည်။
ယနေ့ နေ့လယ်ပိုင်းက တိုင်းမှုခင်း နှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း ပါဝင်သောအဖွဲ့ သည် Smile ဖိနပ်အမျိုးမျိုး အရောင်းဆိုင် အပေါ်ထပ်အား ဝင်ရောက်ရှာဖွေရာ လေသေနတ် အရှည် စနိုက်ပါတပ်လျက် ၁ လက်၊ ဆွတ်ဇာလန် နိုင်ငံထုတ် လေသေနတ် ပစ္စတို ၁ လက်နှင့် ဆက်စပ်ပစ္စည်းများ၊ လေသေနတ် ခဲကျည် (၇)ဘူး၊ တ ဘူး ၅၀ ပါ ပွိုင့်-၂၂ ကျည် ၂ ဘူး၊ ငှက်ကြီးထောင် ဓားရှည် နှစ်လက် အပါအဝင် ဓားတို၊ ဓားရှည် (၈) ချောင်း၊ စနိုက်ပါမှန် ပြောင်း ၁ ခု၊ အသံတိတ် ပြောင်းတို ၁ ခု၊ ကျောပိုးအိတ် ၁ လုံးနှင့် ခရီးဆောင်အိတ် ၁ လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု မန္တလေး ခရိုင် ရဲတပ်ဖွဲ့ မှတ်တမ်း၌ ဖော်ပြထားသည်။
မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တဦးက“ဖမ်းမိတယ်ဆိုတာ မှန်ပါတယ်။ တရားခံကို စစ်ဆေးနေပါတယ်။ မနေ့က ကယားမှာ ဖမ်းမိခဲ့တဲ့ အမှုရဲ့နောက်ဆက်တွဲ ဖမ်းမိတာပါ။ ဘာကြောင့်ဆိုတာ ပြောလို့ မရသေးပါဘူး”ဟု ပြောသည်။
ဖမ်းဆီးရမိသူမှာ အသက် ၃၁ နှစ်အရွယ်ရှိ အာကာမောင်(ခ) အာကာဆိုသူ ဖြစ်ပြီး ယမန်နေ့က ကယားပြည်နယ် လွိုင် ကော်မြို့တွင် မူးယစ်ဆေးပြားနှင့် ကျည်ဆန်များ ဖမ်းဆီးရမိခဲ့မှုမှ ကွင်းဆက်အဖြစ် ဖမ်းဆီးရမိခြင်းဟု သိရသည်။
သြဂုတ်၂၇ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အဝေးပြေးကားဂိတ်မှ တဆင့် မန္တလေးသို့ ပို့မည့် ဆာလာအိတ် တလုံးအတွင်းမှ စိတ်ကြွဆေးပြားနှင့် ပွိုင့် ၂၂ ကျည်ဆန် အတောင့် ၁၅၀၀ ဖမ်းဆီးရမိပြီးနောက် အဆိုပါ လိပ်စာအတိုင်း ဖိနပ်ဆိုင်အား ဝင်ရောက်ရှာဖွေခြင်း ဖြစ်သည်။
သြဂုတ်၂၇ ရက် ညနေ ၃ နာရီခန့်က ဆာလာအိတ်ကို မကေသီမြ ဆိုသော အမျိုးသမီးတဦးမှ ကားဖြင့်လာရောက်ချ ပေးပြီး မန္တလေးသို့ ပို့လိုကြောင်း ကားဂိတ်သို့ လာရောက် အပ်နှံသဖြင့် တာဝန်ကျသူများမှ သွားရောက် စစ်ဆေးရာ ပဲနို့ အချိုရည် ပလတ်စတစ် ဘူးခွံဟောင်းများ အတွင်း ထည့်ထားသော ပွိုင့် ၂၂ ကျည် ၁၅၀၀ တောင့်အား တွေ့ရှိခဲ့သည်။
အဆိုပါကဲ့သို့ တွေ့ရှိပြီးနောက် စက်မှုဇုန်ရှိအိမ်သို့ သွားရောက် စစ်ဆေးရာတွင် မကေသီမြ၏ အမျိုးသားဖြစ်သူ ကိုနေအောင် ဆိုသူအား တွေ့ရှိပြီး နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်ရှေ့ရပ်ထားသော ကားအတွင်း ရှေ့ထိုင်ခုံကြားမှ စိတ်ကြွ ရူးသွပ် ဆေးပြား ၁၁၁ ပြား တွေ့ရှိသည်ဟုလည်း ဆိုသည်။
ကျည်ဆန်နှင့် မူးယစ်ဆေးများ တွေ့ရှိသဖြင့် ကိုနေအောင်နှင့် ဇနီး မကေသီမြတို့အား လွိုင်ကော်မြို့မရဲစခန်းတွင် လက် နက် ဥပဒေနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေများဖြင့် အမှုဖွင့် အရေးယူထားသလို မန္တလေးတွင် လက်နက် များ ဖမ်းမိသူ အာကာမောင်(ခ) အာကာကိုလည်း ဖမ်းဆီးကာ တိုင်းမှုခင်း နိမ်နင်းရေး တပ်ဖွဲ့တွင် ဆက်လက် စစ်ဆေးလျက် ရှိကြောင်း သိရသည်။