နိုင်ငံတကာ ဈေးကွက်သို့ မြန်မာ့ထုတ်ကုန်များ ရောင်းချနိုင်ရေး အတွက် ရည်ရွယ်၍ UMFCCI Centennial International Expo 2019 ပြပွဲကို ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါ ပြပွဲကို ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ Fortune Plaza (Myanmar Expo) တွင် စက်တင်ဘာလ ၂၀ ရက်မှ ၂၂ ရက် အထိ ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (UMFCCI) မှ သိရသည်။
UMFCCI ဒု ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက “ဒီပြပွဲကနေ မြန်မာနိုင်ငံရဲ့တိုင်းနဲ့ ပြည်နယ်တွေ က ထုတ်တဲ့ ထုတ်ကုန် တွေကို ကမ္ဘာသိအောင်ချပြခြင်း ဖြစ်ပါတယ်။ ဒါ့ပြင် နိုင်ငံတကာက စီးပွားရေး မိတ်ဖက်တွေနဲ့ အတူတကွ ပူးပေါင်းပြီး နိုင် ငံ့အကျိုးစီးပွား တိုးတက်ဖို့ ပါဝင် ဆောင်ရွက်သွားကြမှာ ပါ” ဟု ပြောသည်။
အဆိုပါ ပြပွဲကို ၂၀၁၉ ခုနှစ်တွင် UMFCCI ၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အဖြစ် ကျင်းပခြင်း လည်း ဖြစ်ပြီး အသင်းချုပ် အနေဖြင့် ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ အချိတ်အဆက် မိမိ လုပ်ကိုင်နိုင်စေရေး၊ နိုင်ငံတကာဈေးကွက်သို့ မြန်မာ့ ထုတ်ကုန်ပစ္စည်းများ ထိုးဖောက် ဝင်ရောက် ရောင်းချနိုင်စေရေး၊ ပြည်ပမှ အရည်သွေးမြင့် သွင်းကုန်ပစ္စည်းများ ပြည်တွင်း ဈေးကွက်သို့ ရောက်ရှိ လာနိုင်ရေး ရည်ရွယ်ကျင်းပရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြပွဲကျင်းပရေး ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးမျိုးသန့်က “ဒီပြပွဲကနေ လုပ်ငန်းရှင်တွေ အတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး အခွင့်အလမ်းတွေ ရရှိမှာဖြစ်သလို ပြည်တွင်း လုပ်ငန်းရှင်တွေရဲ့ ဒေသထွက်ကုန်တွေကို Highlight ပြစေချင် လို့ပါ။ မြန်မာနိုင်ငံရဲ့စီးပွားရေး အင်အားတောင့်တင်း ခိုင်မာစေဖို့ အဓိက ရည်ရွယ်တာပါ” ဟု ရှင်းပြသည်။
ယင်းပွဲတွင် စီးပွားရေး လုပ်ငန်းရှင် အချင်းချင်း Business to Business တိုက်ရိုက် ချိတ်ဆက်ရုံ သာမက၊ တက် ရောက်လာသူများ အတွက်လည်း ပြပွဲလာရောက်ကြည့်ခြင်းအားဖြင့် အရောင်းမြှင့် တင်ရေးနှင့် ဈေးကွက်ရရှိရေးကို ရရှိ နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ပြပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့မှ ပူးပေါင်း ကူညီထားပြီး နိုင်ငံတကာမှ ကုန် ပစ္စည်းများ အပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်၊ တိုင်းများမှ ဒေသထွက်ကုန်ပစ္စည်းများကို ပြခန်းပေါင်း ၂၀၀ ကျော်ဖြင့် ပါဝင်ပြသသွားမည် ဖြစ်သည်။
ပြည်ပ ကုမ္ပဏီများ အနေနှင့် ဂျာမနီ၊ နယ်သာလန်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ် (တိုင် ပေ)နှင့် ပြည်တွင်း လုပ်ငန်းရှင်များမှ မော်တော်ယာဉ်များ၊ စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်း သုံးပစ္စည်းများ၊ အိမ်တွင်း အလှဆင်လုပ်ငန်းများ၊ အလှကုန်ပစ္စည်းများနှင့် အဝတ်အထည်များ၊ လက်ဝတ်ရတနာများ၊ စား သောက်ကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာကဏ္ဍတို့ ပါ ဝင်ပြသမည် ဖြစ်သည်။
အဆိုပါ ပြပွဲတွင် စီးပွားရေး ပညာရှင်များ၏ ဆွေးနွေးဟောပြောမှုများလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။