ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတင်ပြင် ကျေးရွာ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေး ခုံရုံးက တွေ့ရှိ အရေးယူ ဆောင်ရွက်ချက်များသည် AP သတင်းဌာန၏ ထုတ်ပြန်သည့် အချက်များနှင့် သက်ဆိုင်မှု မရှိကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်၏ အရေးယူဆောင်ရွက်မှုမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လအပြီး ဘူးသီးတောင်၊ မောင်တော ဒေသ ပဋိပက္ခ၌ ဂူတာပြင် ကျေး ရွာအနီးတွင် ARSA အကြမ်းဖက် သောင်းကျန်းသူများနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို စစ်တရားရုံးဖြင့် စစ်ဆေးမည် ကိစ္စဖြစ်ကြောင်း သိရသည်။
“အဲဒီ ထိတွေ့ တိုက်ပွဲ ဖြစ်စဉ်မှာ ဂူတာပြင်ကျေးရွာသား အကြမ်းဖက် ရွာသားတချို့လည်း ပါဝင် တယ်။ ပါဝင်တာ ရှိတဲ့အတွက် အစိုးရက ထုတ်ပြန်ပြီးပြီ။ အဲဒီတိုက်ပွဲမှာ ARSA အကြမ်းဖက် သောင်း ကျန်းသူ ၁၉ ဦး သေဆုံးတာ ရှိတယ်။ ထိခိုက်ဒဏ်ရာ ရရှိမှု တချု့ိ ရှိတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
၎င်းက “ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ် မြတ်ကျော် ဦးဆောင်တဲ့ ခုံရုံးက ပြန်လည် စုံစမ်း စစ်ဆေး တဲ့အခါမှာ စစ်ဆင် ရေးနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် ညွှန်ကြားချက်တွေ၊ စည်းကမ်းတွေ ROE တွေကို လိုက်နာဖို့ အားနည်းတယ်လို့ တွေ့ ရှိတဲ့အတွက် တပ်မ တော်က စစ်တရားရုံးဖွဲ့ ပြီး စစ်စည်းကမ်းအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ AP သတင်းဌာနရဲ့ ဖော်ပြချက်တွေနဲ့ လုံးဝ မဆိုင်ပါဘူး”ဟု ဆက်ပြောသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လက ARSA နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တပ်မတော် စစ်သည်များသည် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း(Rule of Engagement) အတိုင်း ဆောင်ရွက်မှု မရှိသဖြင့် စစ်တရား ရုံးဖြင့် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ် အသေးစိတ်နှင့် အခြား အချက်အလက်များကို စစ်တရားရုံး စစ်ဆေးမှု မပြီးမချင်း ထုတ်ပြန်ရန် မရှိကြောင်း၊ စုံစမ်း စစ်ဆေး ရေးခုံရုံးက ပြဿနာတရပ်သည် မည်သူ့ကြောင့် ဖြစ်ပွားရကြောင်း တာဝန်ရှိသည်ကို သက်သေခံ ချက်များ ရှိပါက တရားစွဲရန် ဖွဲ့ စည်းသည့် ခုံရုံးတခု ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောဆိုထားသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအနီးတွင် ရာနှင့်ချီသည့် ရုပ်အလောင်း များအား နေရာ ၅ ခုတွင် အစုလိုက် အပြုံလိုက် မြုပ်နှံကြောင်း၊ ယင်းတို့ကို အက်ဆစ်လောင်း၍ ဖျောက်ဖျက်ရန် စီစဉ်ထားသဖြင့် ရုပ်ပျက်ဆင်းဖျက် ဖြစ်နေကြောင်း AP သတင်းဌာန၏ ဖော်ပြချက်ကို သမ္မတရုံးက မှန်ကန်မှု မရှိကြောင်း ၂၀၁၈ ဖော်ဖော်ဝါရီလ ၂ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။
AP သတင်းဌာန ဖော်ပြချက်ပါ ဂူတင်ပြင် ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံများ ပါဝင်သည့် မြေပြင် ကွင်းဆင်း စစ်ဆေးရေး အဖွဲ့ ဖြင့် စနစ်တကျ ကွင်းဆင်း စစ်ဆေးသည့် ပဏာမ စစ်ဆေးချက်အရ မှန်ကန်မှု မရှိကြောင်း တွေ့ ရှိရသည်ဟု သမ္မတရုံးက ထုတ်ပြန်ခဲ့ ခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန်
ရခိုင်မြောက်ပိုင်း ဂူတာပြင် အလောင်းများ တွေ့ရှိမှု စစ်တရားရုံးဖြင့် စစ်ဆေးမည်