သတင်းတို

ရန်ကုန်-ပြည် ရထားလမ်း အဆင့်မြှင့်တင်မည်

ရန်ကုန်-ပြည် အသွားအပြန် ခရီးကို မီးရထားဖြင့် သွားလာရာတွင် ၄ နာရီခွဲခန့်သာ ကြာမြင့်စေရန် အတွက် လက်ရှိ  မီးရထား လမ်းပိုင်းကို အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆင့်မြှင့်တင်မှုများ ပြုလုပ်နိုင်ရန် ADB ၏ အကူအညီဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်မှ စက်တင်ဘာလ ၇ ရက်နေ့က ရထားလမ်းပိုင်းများ စစ်ဆေးရန် ပြည်မြို့သို့ လာရောက်စဉ် သတင်းထောက်များအား ပြောကြားခဲ့သည်။

ရန်ကုန်-ပြည်လမ်းမှာ ADB ကနေပြီးတော့ ကျနော်တို့ကို အကူအညီပေးဖို့ လုပ်နေပါတယ်။ ဒီအောက်တိုဘာလထဲကို သူတို့ရဲ့ အစီရင်ခံစာကို တင်နိုင်ဖို့ ကြိုးစားမယ်။ စီးပွားရေး တွက်ခြေကိုက်မှုတို့၊ ဘဏ္ဍာရေး တွက်ခြေကိုက်မှုတို့ အဲဒါ တွေ ပြန်ပြီးတော့ ပြင်နေတယ်။ ၂၀၂၀ ဇွန်လ မတိုင်ခင်မှာ ကျနော်တို့ ပြန်ပြီးတော့ တင်ပြရမယ်။ ကျနော်တို့ ADB ဆီကဟာ စောင့်နေတာ။ အဲဒီက ရပြီဆိုရင် စီးပွားရေးကော်မတီတို့ကို အဆင့်ဆင့် တင်ပြပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ဟု ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။

ဆက်လက်ပြီး ၎င်းက အဲဒီ အခါမှာတော့ ( ရထားလမ်း အဆင့်မြှင့်တင်ပြီးပါက) ကီလို ၁၂၀ လောက်ခွင့်ပြုမယ်။ Operation Speed ကီလို ၁၀၀ ပတ်ဝန်းကျင်လောက် ဖြစ်မယ်။ ကျနော်တို့ ရန်ကုန်နဲ့ပြည်ကို မောင်းချိန် လေးနာရီခွဲ အောက် ကျအောင် ကြိုးစားမယ်။ ဒါဆိုရင် ဘာပဲပြောပြော ပြည်သူလူထုအတွက် နည်းနည်း မြန် လာနိုင်တာ ပေါ့။ဟု ရှင်းပြသည်။ 

ပြည်-ရန်ကုန် ရထားလမ်းပေါ်တွင် ရထားလမ်းအား ဖြတ်သန်း သွားလာနေသည့် တရားမဝင် ကားဖြတ်လမ်း များစွာ ရှိနေသဖြင့် ရထားမိုင်နှုန်းကို တိုးမြှင့်မောင်းနှင်ရန် အခက်အခဲများနှင့် အန္တရယ်များစွာ ရှိနေကြောင်း၊ ထို့ပြင် ရထား လမ်းဘေးဝဲယာများတွင် ကျူးကျော်နေထိုင်သူများကိုလည်း  ဖယ်ရှားပေးရန် အထူးသတိပေး ပြောကြားထားကြောင်း သိရသည်။

ရန်ကုန်- ပြည် မီးရထားလမ်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံး ဖောက်လုပ်ခဲ့သည့် ၁၄၂နှစ် သက်တမ်းရှိ မီးရထားလမ်း ဖြစ်ပြီး ယခုအခါ ရထားမောင်းချိန်မှာ ၈ နာရီခွဲ ကြာမြင့်ကာ ရန်ကုန်မြို့မှ နေ့လည် ၁ နာရီ စထွက်ခွာသည့် ရထားသည် ပြည်မြို့သို့ ည ၈နာရီခွဲ အချိန်တွင် ဆိုက်ရောက်ပြီး ရထားမောင်းချိန် ၇ နာရီခွဲခန့် ရှိသည်။

အဆိုပါ မောင်းနှင်ရာ လမ်းတလျှောက်တွင် ပြည်မီးရထားဘူတာထိ အရောက် မိုင်ပေါင်း ၁၆၁ မိုင်(ကီလိုမီတာ ၂၅၇) ရှိ၍ လမ်းတလျှောက်တွင် ဘူတာပေါင်း ၂၉ ခုရှိကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှု့ရန်

ရန်ကုန် မြို့ပတ် ရထားလမ်း အဆင့်မြှင့် စီမံကိန်း ၂၀၂၃ တွင် အပြီးသတ်ရန် ခန့်မှန်း

မြန်မာ့ပထမဆုံး ရန်ကုန်- ပြည် မီးရထားလမ်း ဖွင့်ပွဲ

ရန်ကုန်- မန္တလေး လမ်းပိုင်း၌ ရထားစီးလုံးလိုက် ကုန်ပို့လိုသူများကို မြန်မာ့မီးရထား ဖိတ်ခေါ်

Loading