ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ငွေကျပ် ၁၃ သိန်းကျော် အထိ ဈေး တက်ခဲ့သော မြန်မာ့ရွှေဈေး ယနေ့ (စက်တင်ဘာ ၉ ရက်)တွင် ၁၂ သိန်း ၅သောင်းအထိ ဈေးပြန်လည် ကျဆင်း လာကြောင်း သိရသည်။
လက်ရှိအချိန်တွင် အရောင်းအဝယ် ပုံမှန် ပြန်ဖြစ်လာခြင်း၊ ကမ္ဘာ့ရွှေဈေးအနည်းငယ် ပြန်လည်ကျ ဆင်းလာ ခြင်းနှင့် ပြည် တွင်း အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည်လည်း အမြင့်ပိုင်းတွင် ရှိနေခြင်းကြောင့် ရွှေဈေးနှုန်း ပြန်ကျဆင်းလာခြင်း ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဧရာဝတီသို့ ပြောသည်။
ဦးမျိုးမြင့်က “အခုက အရောင်းအဝယ်က ပုံမှန် ဖြစ်သွားပြီး ဝယ်တဲ့သူနဲ့ ရောင်းတဲ့သူ ပြန်မျှသွားပြီ။ ဒေါ်လာကလည်း အမြင့်ပိုင်းမှာပဲ ဆိုတော့ ရွှေဈေးက ဒီလောက်ပြန်ဖြစ်သွားတာ။ ကမ္ဘာ့ရွှေဈေး အပေါ် မူတည်ပြီးပဲ ခပ်ရေးရေးပဲ သွားတော့ မယ့်ပုံစံ ပြန်ဖြစ်သွားမယ်” ဟု ဆိုသည်။
အမေရိကန်-တရုတ်ကုန်သွယ်ရေး စစ်၊ ကမ္ဘာ့ရွှေဈေးမြင့်တက်နေမှု၊ ဒေါ်လာဈေး မြင့်တက်နေမှုနှင့် ဗဟိုဘဏ်၊ ပုဂ္ဂလိက ဘဏ်ဂယက်များကြောင့် ပြီးခဲ့သည့်လများမှ တဖြည်းဖြည်း မြင့်တက်သည့် ပြည်တွင်းရွှေဈေးသည် စက်တင်ဘာလ ၅ ရက် နေ့၌ ငွေကျပ် ၁၃ သိန်း ၇ ထောင်ကျော် အထိ စံချိန်တင် မြင့်တက်ခဲ့သည်။
စက်တင်ဘာလ ၄ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် ၁ အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၃၆ ကျော် ရှိခဲ့ရာမှ ယနေ့ (စက် တင်ဘာ ၉ ရက်)တွင် အမေရိကန်ဒေါ်လာ ၁၅၀၉ ဝန်းကျင် အထိသို့ ပြန်လည် ကျဆင်းလာခြင်း ဖြစ်သည်။
ပြည်တွင်း ရွှေဈေးနှုန်းများ ပြန်လည် ကျဆင်းလာခြင်းသည် ဘဏ်ဂယက်များ ပြန်လည် တည်ငြိမ်သွားခြင်းနှင့် ကမ္ဘာ့ရွှေ ဈေးနှုန်းများ ကျဆင်းလာခြင်းတို့ကြောင့် ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များထံက သိရသည်။
ရန်ကုန်မြို့ တိတ်စိန်ရွှေဆိုင်မှ တာဝန်ရှိသူတဦးက “ပြီးခဲ့တဲ့ ဗုဒ္ဓဟူး(စက်တင်ဘာ ၄ ရက်) ပဲ တရက်ပဲ ထိုးတက်သွားတာ။ နောက်ရက်က စပြီး ဈေးက တဖြည်းဖြည်း ပြန်ကျလာတယ်။ အဝယ်ကတော့ ပုံမှန် ပြန်ဖြစ်သွားတယ်။ အမြင့်ဈေးနဲ့ ဝယ် ထားမိတဲ့သူတွေကလည်း ရှုံးတော့ ပြန်မရောင်းနိုင်ဘူး လေ” ဟု ပြောသည်။
ပြည်တွင်း အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည် ဗဟိုဘဏ်သတ်မှတ်နှုန်းမှာ ၁ ဒေါ်လာ ကျပ် ၁၅၄၈ အထိရှိနေသော် လည်း အရောင်းအဝယ် အေးနေသောကြောင့် ၁ ဒေါ်လာလျှင် ကျပ် ၁၅၃၀ ကျော်ဖြင့်သာ ဈေးငြိမ်လျက်ရှိကြောင်း ပြည် တွင်း ငွေလဲကောင်တာများမှ သိရှိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ လဆန်းပိုင်း၌ အတက်ဈေးတွင်ရှိနေသော ပြည်တွင်းရွှေကို ဘဏ်ဂယက်ကြောင့် ရွှေအတုံး အခဲများ ဝယ်လိုအား ဆက်တိုက်မြင့်တက်ခဲ့ပြီး ဘဏ်ချေးငွေ ဂယက် ပေါ်လာချိန်၌ ရွှေဝယ်လိုအား ပိုမိုများပြားလာသည့် အတွက် အချို့ရက်များတွင် ရန်ကုန်တိုင်း ရွှေကုန်စည်ဒိုင်သည် နေ့တဝက်ဖြင့် အရောင်းပိတ်ခဲ့ရသည် အထိ ဖြစ်ခဲ့သည်။
ဆက်စပ်ဖတ်ရှု့ရန်
ထိုးတက်နေတဲ့ ရွှေဈေး ဘဏ်ချေးငွေ ဂယက်ကြောင့်လား
ဘဏ်ချေးငွေကိစ္စ ပြည်သူများ မစိုးရိမ်ကြရန် ဒေါ်အောင်ဆန်းစုကြည် ပြော