ရန်ကုန်မြို့ကို နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များ အတွက် ရောင်းနိုင်ဝယ်နိုင်သော ဈေးကွက်တခု ဖြစ်စေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ယမန်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အဖြစ် ကျင်းပသည့် UMFCCI Centennial International Expo 2019 ပြပွဲ အခမ်းအနား၌ ပြောကြားခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက“ကျနော်တို့ ရန်ကုန်မှာ ကြီးမား ကျယ်ပြန့်တဲ့ ပြပွဲတွေ ကျင်းပဖို့အတွက် တိုင်းအစိုးရအဖွဲ့ နဲ့ ကုန်သည်ကြီးများ အသင်းနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်။ နိုင်ငံတကာ ရောင်းသူတွေရော ဝယ်သူတွေရော မြန်မာနိုင်ငံကို လာရောက်ပြီး ရောင်းနိုင်ဝယ်နိုင်တဲ့ ဈေးကွက်တခု အဖြစ် ကျနော်တို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
ထိုသို့ ဈေးကွက်တခု ဖြစ်ပေါ်စေရန် UMFCCI နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များ အနေနှင့် ရန်ကုန်မြို့ရှိ ထုတ်ကုန်ပစ္စည်းများ၏ အရောင်းအဝယ် လုပ်နိုင်မည့် အစီအစဉ်များကို ကြိုတင်သိရှိနိုင်ရန်လည်း ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။
စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပသည့် ကုန်စည်ပြပွဲသည်လည်း နိုင်ငံတကာသို့ ထိုးဖောက်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး ပြည်တွင်း ထုတ်ကုန်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက“အခုအချိန်မှာ ပုဂ္ဂလိက လုပ်ငန်းတွေက လှုပ်ရှားနိုင်တဲ့ အနေအထားကို ရောက်ခဲ့ ပြီး ဖြစ်ပါတယ်။ ကျနော်ရဲ့ ပြည်တွင်းထုတ်ကုန်တွေ နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့ ပြပွဲကို ကျင်းပရတာ ဖြစ်တယ်။ ပြည်ပက ထုတ်ကုန်တွေလည်း ပြည်တွင်းမှာ ဖြန့်ဖြူးနိုင်ဖို့ ဖြစ်တယ်”ဟု ပြောသည်။
အဆိုပါ ပြပွဲတွင် ဂျာမနီ၊ နယ်သာလန်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်း ဗီယမ်နမ်၊ တရုတ် (တိုင်ပေ)တို့မှ ပြခန်းပေါင်း ၄၅ ခန်း နှင့် ပြည်တွင်း လုပ်ငန်းရှင်များမှ ပြခန်း ၁၉၀ ပါဝင်ပြသခဲ့ပြီး မော်တော်ယာဉ်များ၊ စက်ပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ အိမ်တွင်း အလှဆင်ပစ္စည်းများ၊ အလှကုန်များ၊ အဝတ်အထည်များ၊ လက်ဝတ်ရတနာများ၊ စားသောက်ကုန် ပစ္စည်းများ၊ ယာဉ်အပို ပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက်နှင့် နည်းပညာကဏ္ဍ စသည်တို့ကို ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင်းများက ပြသခဲ့ကြောင်းလည်း ၎င်းက ပြောဆိုသည်။
အဆိုပါ UMFCCI Centennial International Expo 2019 ပြပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ Fortune Plaza (Myanmar Expo)တွင် ယခုလ ၂၀ ရက်မှ ၂၂ ရက်ထိ နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီခွဲ အထိ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ပြပွဲကို စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနတို့က ပူးပေါင်း၍ ကူညီ ပံ့ပိုးပေးထားခြင်း ဖြစ်သည်။
You may also like these stories:
ရန်ကုန်မြို့သစ် စီမံကိန်းတွင် ခေါင်းဆောင်မှု အပြောင်းအလဲ လုပ်
ကိုရီးယား-မြန်မာ ပူးပေါင်း၍ ဒလတွင် စမတ်စီးတီး တခု အကောင်အထည်ဖော်မည်
ရန်ကုန်တိုင်း အသေးစားနှင့် အလတ်စားလုပ်ငန်းရှင် ၁၀၀ ကို ချေးငွေထုတ်ပေးမည်
ကျောက်စိမ်းကြောင့် တရုတ်၌ ကမ္ဘာ့အဆင့်မီ မြို့များ ပေါ်ပေါက်၊ ဖားကန့်၌မူ လမ်းကောင်း မရှိဟု ဆို
မြန်မာ့ထုတ်ကုန် နိုင်ငံတကာဈေးကွက် သို့ ထိုးဖောက်ရန် ပြပွဲကျင်းပမည်
မြန်မာ့ အပြောင်းအလဲ အမေရိကန် လုပ်ငန်းရှင်များ စောင့်ကြည့်နေဟု ဆို
မြန်မာ့ကော်ဖီ ပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်အထိ ရှိလာဟုဆို