ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့ နယ် အခြေစိုက် တပ်မတော် တပ်မဌာနချုပ်တခုကို ရက္ခိုင့် တပ်မတော် (AA) က ယမန်နေ့ ညနေ ၄ နာရီ အချိန်တွင် လက်နက်ကြီးဖြင့် အဝေးမှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ညနေ ၄ နာရီလောက်မှာ ဘူးသီးတောင်က တပ်မဌာနချုပ်တခုကို ၁၀၇ မမ ရှော့တိုက် ဒုံးသီးနဲ့ လာပစ်တယ်။ ၄ လုံး ပစ် တယ်။ ၃ လုံး ကျရောက် ပေါက်ကွဲတယ်။ တလုံးတော့ မကွဲဘူး။ တပ်က အဆောက်အဦ တချို့တော့ အနည်းငယ် ထိခိုက် တယ်။ ကွင်းထဲ မှာ ဆော့နေတဲ့ ကလေး ၂ ယောက်ကို လက်နက်ကြီးအစ ထိတာ ရှိတယ်။ ဒါပေမယ့် မစိုးရိမ်ရဘူး”ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
တိုက်ခိုက်သည့် တနေ့တည်းတွင် ညီနောင် မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် ရက္ခိုင့် တပ်မတော် (AA) ၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မ တော် (TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA) တို့က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ နေ့အထိ တဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သေးသည်။
“ဒီနေ့ပဲ သူတို့ဘက်က အပစ်ရပ် ကြေညာချက် ထုတ်တယ်။ ဒီနေ့ပဲ တွေ့တဲ့အတိုင်းပဲ စပြီးတော့ ပစ်တယ်။ AA က ပစ်တာပါ”ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်တွင် တပ်မတော်၏ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် တခုဖွင့်လှစ်ထားသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့ကြား စစ်ရေး လှုပ်ရှားမှုများ ဆက်လက်ရှိနေဆဲဖြစ်၍ မကြာခဏ ထိတွေ့တိုက်ခိုက်မှုများလည်း ဖြစ်ပေါ်လျက် ရှိသလို စစ်ဘေး ရှောင် ဒုက္ခသည်များမှာလည်း ၆ သောင်း ဝန်းကျင် အထိ ရှိနေပြီး လုံခြုံရေးအကြောင်းပြချက် ဖြင့် ယင်းစခန်းများသို့ ပြည်နယ် အစိုးရအဖွဲ့ပင် သွားရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
ကျိုင်းတုံတွင် ဆွေးနွေးနေသော်လည်း မင်းပြားတွင် တိုက်ပွဲပြင်းထန်
လာရှိုးနှင့် ကွတ်ခိုင်မြို့တို့ကို လက်နက်ကိုင် ၂၀၀ ခန့် လာရောက် တိုက်ခိုက်ဟုဆို
ကျောက်မဲ အခြေစိုက် တပ်မတော် တပ်ရင်းဌာနချုပ်တခု လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ
တပ်မတော် နည်းပညာတက္ကသိုလ်ကို TNLA နှင့် မဟာမိတ်များ တိုက်ခိုက်